ဆတ်ရိုးကျ မြေလျော်ကြေး တောင် သူတွေ လက်မခံ


2017.05.26
sateyoekya-protest-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် မေလ ၁၅ ရက်နေ့ က ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ အသေးစားစက်မှုလက်မှုရပ်ကွက် ထူထောင်ဖို့ သိမ်းဆည်းထား တဲ့ လယ်ယာတွေအတွက် လျော်ကြေးယူကြဖို့ အစိုးရဘက်က ကမ်းလှမ်းတာကို တောင်သူတွေဘက်က ငြင်းဆို လိုက်ပါတယ်။

လယ်မြေ တစ်ကကို လျော်ကြေးငွေ သိန်း ၃၀ ပေးဖို့ ကမ်းလှမ်းတာဟာ အလွန်နည်းပါးတဲ့ ပမာဏဖြစ် တာကြောင့် ငြင်းဆိုလိုက်တာလို့ လယ်သိမ်းခံတောင်သူတစ်ဦးဖြစ်တဲ့ ဆတ်ရိုးကျ ရပ်ကွက်က ဦးရန်မျိုးအောင် ကပြောပါတယ်။

"ကျနော်တို့ အခုကာလပေါက်ဈေးနဲ့ဆိုလို့ရှိရင် ပေ ၂ဝဝ ကို သိန်း ၁၅ဝဝ လောက် ရှိနေပါတယ်၊ ၂၅ ပေ ပေ ၂ဝ ကို သိန်း ၁ဝဝ မှာ ရှိနေပါတယ်၊ ဒါတွေဟာ ကျနော်တို့ သိန်း ၃ဝ ဆိုတာ ပြောလို့မရတဲ့ အခြေအနေမျိုးဖြစ်လို့ပါ၊ အဲဒါလည်း လယ်သမားတွေက မကျေနပ်ကြပါ"

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက အစိုးရရဲ့ကမ်းလှမ်းချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက တောင်သူတွေကို အသိပေးခဲ့ တာဖြစ်ပါတယ်။

တောင်သူတွေဘက်ကတော့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုပြန်ပေးဖို့၊ တောင်သူတွေရဲ့ မြေပေါ်မှာ လုပ်ငန်းရှင်တွေက အဆောက်အဦးတွေ ဆောက်လုပ်ထားတာတွေအတွက် ကာလတန်ဖိုး လျော်ကြေးငွေတွေ ပေး အပ်ဖို့နဲ့ ဘာအဆောက်အဦးမှ မဆောက်ဘဲ ခြံစည်းရိုးကာရံထားတဲ့ မြေကွက်တွေကို ပြန်လည်ပေးအပ်ဖို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းမှာရှိတဲ့ မြေယာဧကပေါင်း ၅၀၀ ကျော်ကို ပြီးခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်ကပင် စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲက မြေယာဧက ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရလက်ထက်က လူနေရပ်ကွက်အဖြစ် ပြောင်း လဲသတ်မှတ်ပြီး မြေကွက်တွေရိုက်ကာ အစိုးရတာဝန်ရှိသူတွေအပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေ၊ မြို့မိ မြို့ဖတွေ၊ ပါတီခေါင်းဆောင်တွေက အသီးသီးခွဲဝေယူခဲ့ကြတာဖြစ်ပါတယ်။

ဆတ်ရိုးကျ၊ ကျေးတော၊ မင်းဒရားချိတ် စတဲ့ကျေးရွာတွေက မူလပိုင်ရှင် တောင်သူ ၂၀ ကျော်က အဲဒီ လယ် ယာမြေတွေကို ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကပင် ဆန္ဒပြတောင်းဆိုမှု ၃ ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။