သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံရ
2020.03.07
ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးကွန်ရက်” က စောသာဘိုးကို ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပါတယ်။
"သံလွင်မြစ်ကြောင်း စောင့်ကြည်ရေးကွန်ရက်" အဖွဲ့က စောသာဘိုး နေအိမ်ကို မနေ့ညက ဘားအံရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အမှုဖွင့်ထားတာရှိလို့ စောသာဘိုးကို သွားရောက်ဖမ်းဆီးခဲ့ပေမယ့် နေအိမ်မှာ မတွေ့ခဲ့ဘူးလို့ ဘားအံမြို့နယ် ရဲမှူး တင်ထွန်းအောင်က RFA ကို ပြောပါတယ်။
“အုပ်ချုပ်ရေးပိုင်းက ဦးတိုက်တင်ထားတာ၊ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်တော့ ကျနော်တို့က တာဝန်အရ သွားရှာတာ၊ လောလောဆယ်တော့ မတွေ့သေးဘူး၊ မတွေ့ရင်တော့ ရှာရမှာပေါ့”
ဘယ်နေ့ ဘယ်ရက်က အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။ ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ကို RFA က ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
စောသာဘိုး ခရီးထွက်နေတာကြောင့် နေအိမ်မှာမရှိလို့ ဇနီးဖြစ်သူနဲ့ “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေး ကွန်ရက်”အဖွဲ့က လူတချို့ကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု နတ်ကုန်းရွာမှာ ကျောက်မီးသွေး လောင်စာသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ဆုတောင်းပွဲ ကျင်းပခဲ့လို့ အခုလို အမှုဖွင့်ခံရတာလို့ စောသာဘိုးက သူ့ရဲ့ယူဆချက်ကို ပြောပါတယ်။
“ပြောပြတာက ၅၀၅(ခ) နဲ့လို့ ပြောတယ်၊ ဘာကိစ္စနဲ့ တရားစွဲတယ်ဆိုတာ မသိရသေးဘူး၊ ဒါပေမဲ့ ယူဆရ တာက ဆုတောင်းပွဲကိစ္စပေါ့လေ၊ အဲဆုတောင်းပွဲကလည်း ကျနော်လုပ်ခဲ့တာ ဇန်နဝါရီလကတည်းက၊ အဲဆုတောင်း တာကလည်း ဆရာတော်တွေက ဦးဆောင်လုပ်တာ၊ ဆုတောင်းတာကို ဘယ်လိုမျိုး နိုင်ငံတော် အကြည်ညိုပျက်စေသလဲဆိုတာ မသိဘူး”
စောသာဘိုးကို တရားစွဲဖို့ ပြည်နယ်အစိုးရက မညွှန်ကြားဘူးလို့ ပြောတာက ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးဝန်ကြီး မင်းတင်ဝင်း ပါ။
“တရားစွဲတာလို့ သူဟာသူ တဖက်သတ်ထင်တာနေမယ်၊ သူလုပ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်း လွန်လွန်ကျူးကျူးရှိတာတွေကို ကျနော်တို့ဘက်က ဝေဖန်တာတွေပဲရှိတယ်၊ ဘာဘာညာညာဆိုတာတွေတော့ မရှိပါဘူး၊ မနက်တိုင်း အစည်းအဝေးတွေလုပ်တယ်၊ သာဘိုးနဲ့ ပတ်သက်ပြီးတော့ တရားစွဲကြမယ် ဘာညာ ဆိုတာ မရှိသေးပါဘူး၊ ကျနော်တို့ မခိုင်းသေးပါဘူး”
စောသာဘိုးဟာ သံလွင်မြစ်ကြောင်း စောင့်ကြည်ရေးကွန်ရက် အဖွဲ့ဝင်ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေမှာ လှုပ်ရှားနေသူလည်းဖြစ်ပါတယ်။
ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအုပ်စုမှာ တိုယိုထိုင်းကုမ္ပဏီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်ကိစ္စမှာ ဒေသခံတွေနဲ့အတူ ကန့်ကွက်ခဲ့သလို မြိုင်ကလေး ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံကြောင့် ရေအရောင်ပြောင်းလို့ ဒေသခံတွေ ရေအခက်အခဲဖြစ်နေတဲ့ကိစ္စမှာ ဒေသခံတွေနဲ့အတူ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ ကိစ္စတွေကို ထောက်ပြတဲ့အပေါ် အခုလို တရားစွဲဆိုတာ မဖြစ်သင့်ဘူးလို့ အရပ်ဖက်အဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေက ဝေဖန်တာတွေရှိပါတယ်။
အခုလိုပုဒ်မနဲ့ တရားစွဲဆိုတဲ့အပေါ် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ကရင်ပြည်နယ်အဖွဲ့ဝင် စောကလုထောက ကန့်ကွက်လိုက်ပါတယ်။
“သဘာဝပတ်ဝန်းကျင် လုံးလုံးပျက်စီးစေတဲ့ ဥစ္စာကို မျက်ဝါးထင်ထင်တွေ့နေရတယ်လေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတဲ့အကြောင်းပြောတာကို သူတို့က ပုဒ်မ ၅၀၅(ခ) ခေါင်းစဉ်တပ်ပြီးတော့ အကြည်ညိုပျက်စီးစေမှုဆိုတာ ဘာကိုအကြည်ညိုပျက်တာလဲ၊ နားမလည်နိုင်တဲ့ သဘောပေါ့လေ၊ ဒါက မဖြစ်သင့်တဲ့ကိစ္စမို့ လုံးဝရှုတ်ချတယ်”
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဟာ ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။