မောင်တောမှာ စာသင်ကျောင်း တချို့ ပြန်လည်ဖွင့်လှစ်
2016.11.01

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေထဲ က ကျောင်းပေါင်း ၄၉ ကျောင်းကို ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
နယ်မြေတည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံစိတ်ချရမှုအပေါ်မူတည်ပြီး ကျောင်းတွေကို ဖွင့်လှစ်တာဖြစ်တယ် လို့ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင် က ပြောပါတယ်။
"ဒီနေ့ကစပြီးတော့ ကျောင်းပေါင်း ၄၉ ကျောင်းကို ဖွင့်ပေးလိုက်ပါတယ်၊ ဘင်္ဂါလီကျောင်းတွေကိုတော့ ဘင်္ဂါလီကျောင်းအုပ်ကြီးတွေရှိတဲ့ ဦးစားပေးပြီးတော့ ဒုတိယအဆင့်အနေနဲ့ ဖွင့်ပေးပါတယ်၊ ဒေသအခြေအနေက လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို ကြည့်ပြီးတော့မှ ကျနော်တို့အထက်ကို တင်ပြပြီး ဖွင့်လှစ်တာပါ"
ဒီနေ့ဖွင့်လှစ်လိုက်တဲ့ကျောင်းတွေထဲမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေက စာသင်ကျောင်းတွေ ပါဝင်သလို မွတ်ဆလင်ကျေးရွာတွေက စာသင်ကျောင်းတွေလည်း ပါဝင်ပါတယ်။
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် မောင်တောခရိုင်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံး ကို အောက်တိုဘာ ၁၀ ရက်နေ့ကစတင်ပြီး ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်က စာသင်ကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ မြို့နယ်အတွင်းက စာသင်ကျောင်းတွေကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။
မောင်တောမြို့ပေါ်ကိုရောက်ရှိနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း လုံခြုံရေးအစောင့်အရှောက်တွေနဲ့ တာဝန်ကျကျေးရွာတွေကို ဒီနေ့ပို့ဆောင်ပေးနေသလို မွတ်ဆလင်ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ဆရာမတွေကို လုံခြုံရေးအရ ဆရာတွေနဲ့ အစားထိုးလဲလှယ်ပေးဖို့ စီစဉ်နေတယ်လို့လည်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် ပြန်မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ရှိနေဆဲဖြစ်ပါတယ်။
မောင်တောအကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို အခကြေးငွေယူပြီး တစ်ဘက်နိုင်ငံကို ကူးတို့လှေနဲ့ ပို့ဆောင်ပေးခဲ့တဲ့ မောင်တောမြို့နယ် သာစည်ရွာခံတစ်ဦးနဲ့ မင်္ဂလာကြီးရွာခံတစ်ဦးကို နေအိမ်အသီးသီးကနေ မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ပိုင်မြဝတီသတင်းစာမှာ ဒီနေ့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ နောက်ထပ်တစ်ဦးကိုလည်း ဘူးသီးတောင်မြို့မဈေးအနီးမှာ မနေ့က ဖမ်းဆီးခဲ့ပြီး နယ်မြေရဲစခန်းတွေကို အပ်နှံလိုက်တယ်လို့ ပါရှိပါတယ်။