အခြေခံပညာကျောင်း စာသင်ကာလ တိုးမြှင့်မှုကို ဆန္ဒပြ ကန့်ကွက်
2020.01.07

အခြေခံပညာ စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုအနေနဲ့ ရန်ကုန် ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှု၊ မကွေးပညာရေးကောလိပ်က စတစ်ကာ လှုပ်ရှားမှုကို ဒီနေ့ စတင်လိုက်ကြပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အောက်ခြေက အသံ သဘောထားတွေကို ရယူခြင်းမရှိဘဲ ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ဖဲကြိုးစိမ်းဦးဆောင်လှုပ်ရှားမှုကော်မတီ၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ကိုအောင်ပြည့်စုံက ပြောပါတယ်။
“ပေါ်လစီတစ်ခုကို အောက်ခြေကိုမစဉ်းစားဘဲ ချလိုက်တာမျိုး မဖြစ်စေချင်တာပါ။ အောက်ခြေနဲ့ မညှိပဲနဲ့ အခုလိုမျိုး ပေါ်လစီတစ်ခုကို ချလိုက်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရတယ် ကောင်းမွန်တဲ့ ရလဒ်မဟုတ်ဘူး။ အဲလိုမျိုး ပေါ်လစီတစ်ခုကို အောက်ခြေနဲ့ညှိနှိုင်းပြီး ချစေချင်တယ် အပေါ်ကပဲ လုပ်တာဆိုရင် အောက်ခြေနဲ့ မကိုက်လို့ပါ။”
ဖဲကြိုးစိမ်း လှုပ်ရှားမှုအနေနဲ့ အစိမ်းရောင်ဖဲကြိုးတွေကို ရင်မှာထိုးပြီး စာသင်ခန်းဝင်ရောက်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရည်ရွယ်ချက် သဘောထားတူညီတဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းနိုင်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက မနေ့က သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနား ပညာရေးကောလိပ်အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်သွားဖို့ ချိတ်ဆက် ဆောင်ရွက်နေကြောင်း မြစ်ကြီးနား ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။
“အခုလောလောဆယ် ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ ချိတ်ဆက်မှုရှိတယ်။ မြစ်ကြီးနားအနေနဲ့ အခြားပညာရေး ကောလိပ်တွေနဲ့ နည်းတူ သူတို့လုပ်တဲ့အတိုင်း လှုပ်ရှားမှုရှိမယ်။”
ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ အခြေခံပညာရေးလုပ်ငန်းခွင် ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ ဝေဖန်မှုနဲ့ သဘောထားတွေကို လျစ်လျူရှုတာ၊ သင်ရိုးသစ်၊ သင်ရိုးဟောင်း စာသင်ကာလတွေကို စနစ်တကျ ခွဲဝေမှုမရှိတာ၊ ကျောင်းဖွင့်ရက် ကျောင်းပိတ်ရက်တွေကို စီမံခန့်ခွဲနိုင်မှု အားနည်းတာ စတဲ့ ကန့်ကွက်ချက်တွေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။
စာသင်ကာလ တိုးမြှင့်လိုက်မယ်ဆိုရင် သင်ရိုးနဲ့သင်ကြားတဲ့အတွက် သင်ခန်းစာနဲ့ သင်ကြားချိန် အဆင်မပြေဖြစ်တာ၊ ကျောင်းပိတ်ရက်တွေမှာ ဆရာ၊ ဆရာမတွေက မွန်းမံသင်တန်းသွားရောက်ရတာ စာစစ်တာတွေ လုပ်ဆောင်ရတာမှာ အချိန်မလုံလောက်တော့မယ့် ပြဿနာတွေ ရှိလာနိုင်ကြောင်း ထောက်ပြကြပါတယ်။
မကွေး ပညာရေးကောလိပ်ကလည်း မတ်လအထိ စာသင်ချိန် တိုးမြှင့်လိုက်တာကို ကန့်ကွက်ကြောင်း ဒီနေ့ စတစ်ကာ လှုပ်ရှားမှုလုပ်ခဲ့ပါတယ်။
မကွေး ပညာရေးကောလိပ် ကျောင်းသားမသဂ္ဂအနေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုအဖြစ် အင်္ကျီတွေမှာ စတစ်ကာ ကပ်ပေးတာဖြစ်တယ်လို့ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး (၂) ကိုကျော်ဇင်ဝင်းက ပြောပါတယ်။
“စတစ်ကာကမ်ပိန်းလုပ်ရတာ အခြေခံပညာ အတန်းအသီးသီးမှာ အတန်းတင်တဲ့စာမေးပွဲကို တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးမှ စစ်ဆေးရမယ်ဆိုတဲ့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်တဲ့စာကို ကန့်ကွက်တဲ့အနေနဲ့ လုပ်တာပါ။ စတစ်ကာကမ်ပိန်းကတော့ ကျွန်တော်တို့ ကျောင်းတစ်ကျောင်းထဲအနေနဲ့ လုပ်တာပါ။ ကျောင်းတွင်း လှုပ်ရှားမှုဆိုတော့ ကျောင်းသားတွေနဲ့ တချို့ ဆရာမတွေ ပါဝင်တာရှိပါတယ်။”
စတစ်ကာလှုပ်ရှားမှုက ဒီနေ့ တစ်ရက်တာလှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ လှုပ်ရှားမှုကို ဆက်လက်ပူးပေါင်း ပါဝင်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်နေကြတဲ့အပေါ် အပြုသဘောဆောင်တဲ့ ထောက်ပြချက် တွေဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက ဆွေးနွေးလာ ဖွယ်ရှိတယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးမိုးအောင် ကပြောပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက စာသင်ကာလကို မတ်လအထိ သတ်မှတ်တဲ့အစား အခြေခံပညာရေးက ဝန်ထမ်းအဖွဲ့အစည်း သမဂ္ဂတွေ နဲ့ ကျောင်းသားသမဂ္ဂ တို့နဲ့ညှိနှိုင်းပြီး ပြန်လည် သတ်မှတ်ပြီးမှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်တန့်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အခြေခံနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီကလည်း စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အခုအခြေအနေဟာ ဆရာ ဆရာမတွေအပြင် ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ သဘောထားတွေ ပါဝင်ပြီး အစိုးရက လက်မခံဘူးဆိုရင် ပြဿနာဆိုးလာနိုင်တယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဗဟိုအကြံပေးကော်မတီက ကိုအောင်အောင်ကျော်က ပြောပါတယ်။
“ဒီလို အကုန်လုံးစုပြုံပြီး ပါလာရင်တော့ ဒါမလိုလားအပ်တဲ့ ပြဿနာတွေ ရင်ဆိုင်ရမှာပေါ့ ပြည်သူတွေရော ကျောင်းသားမိဘတွေရော ဆရာ ဆရာမတွေရော ကျောင်းသားတွေရော အတွက် ဒါဟာတော်တော်ကို ကြီးမားတဲ့ အခက်အခဲဖြစ်တဲ့ ဒါကို ရအောင်ပယ်ဖျက်ကြမှာပဲ အဲဒီပြဿနာနောက်ဆက်တွဲကို အစိုးရက ဖြေရှင်းရမယ် အဲလိုတော့မြင်ပါတယ်။”
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပညာရေးကောလိပ်ပေါင်း ၂၅ ခုရှိပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိတယ်လို့ သိရပါတယ်။
စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် အခြေခံပညာဦးစီးဌာနအနေနဲ့ ဌာနတွင်းအစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပြီး အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပညာရေးကောလိပ်တွေရဲ့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။