ဖာပွန်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

RFA Burmese
2023.02.17
ဖာပွန်ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး KNU ထိန်းချုပ်နယ်မြေ ထော့ထီးပယ်ကျေးရွာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့အား တွေ့ရစဉ်။
KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့လို့ စာသင် ကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် ၁၂ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU က ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းမှာ ဖာပွန်ခရိုင် လူသောမြို့နယ်၊ ဒေဘုနိုရွာထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲခဲ့လို့ နေအိမ်ခြောက်လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်ညပိုင်းမှာလည်း လူသောမြိနယ်ထဲက ထော့ထီးပယ်ရွာထဲကို တိုက်လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျေးရွာစာသင်ကျောင်းတစ်ကျောင်း၊ နေအိမ် ခြောက်လုံး၊ ဈေးဆိုင်ခန်း သုံးဆိုင်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ စစ်ကောင်စီတပ်ဟာ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဒီလိုလုပ်ရပ်လုပ်တာ အထူးဆန်းတော့မဟုတ်ပါဘူး။ ဒီအခြေအနေကို ဘယ်လို ခုခံကာကွယ်ရမလဲပဲ စဉ်းစားရမှာပါ။ စစ်ရေးကတော့ စစ်ကောင်စီဘက်က ရွာတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေကိုပဲ စစ်ရေးလှုပ်ရှားတယ်။ ဒေသခံတွေကတော့ ပြေးနေရတာ နှစ်နဲ့ချီကြာနေပြီ”

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ ပြည်သူတွေကို ပစ်မှတ်ထားတာမရှိဘူးလို့ RFA ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပြောထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး၊ နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး၊ ကက်သလစ်ခရစ်ယာန် ဓမ္မဆရာတစ်ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ KNU က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။