ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံသား ၃ ဦးကို ရွေးချယ်ဆုချီးမြှင့်
2019.02.14
ဥရောပသမဂ္ဂ EU က နှစ်စဉ်ချီးမြှင်တဲ့ EU's 2019 Schuman Awards ဆုတွေကို ကျားမရေးရာနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနှင့် လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ကို ဒီနှစ်အတွက် ချီးမြှင့်လိုက်ပါတယ်။
ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်နေအိမ်မှာ ဒီကနေ့ညပိုင်းက ဆုပေးပွဲပြုလုပ်ပြီး ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်း တမံဆောင်ရွက်သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုရွေးချယ်ချီးမြှင့်တာဖြစ်တယ်လို့ EU အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
အခုလိုဆုရွေးချယ်ချီးမြှင့်တာဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကပြုလုပ်တဲ့ ပထမအကြိမ်ဆုပေးပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကွယ်လွန်သွားပြီဖြစ်တဲ့ ရှေ့နေဦးကိုနီ၊ ငြိမ်းဖောင်ဒေရှင်းက ဒေါ်ဂျာနန်းလတော်၊ Equality Myanmar က အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း တို့ကို ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကကျင်းပတဲ့ ဒုတိယအကြိမ် ဆုပေးပွဲမှာတော့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မချယ်ရီဇာဟောင်နဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းထွေး တို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။