ပါမောက္ခရှောင်တားနဲလ်အမှုကို ရန်ကုန်ကနေ နေပြည်တော် ပြောင်းစစ်မည်

2021.09.14
ပါမောက္ခရှောင်တားနဲလ်အမှုကို ရန်ကုန်ကနေ နေပြည်တော် ပြောင်းစစ်မည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးဆိုင်ရာအကြံပေး မစ္စတာ ရှောင်တာနဲလ်။
Photo: Sean Turnell/Facebook

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တားနဲလ်ကို ရန်ကုန်ကနေ နေပြည်တော်တရားရုံးကိုပြောင်းပြီး စစ်ဆေးတော့မယ်လို့ သြစတြေးလျနိုင်ငံအခြေစိုက် The Newdaily သတင်းစာမှာ ဒီနေ့ရက်စွဲနဲ့ ဖော်ပြလိုက်ပါတယ်။ ဒီလိုတရားရုံးပြောင်းပြီး စစ်ဆေးမှာကို နေပြည်တော်မှာရှိတဲ့ ဗဟိုတရားရုံးက ဆုံးဖြတ်လိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောတယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တားနဲလ်ကို စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားသလို ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးယောက်နဲ့ သူ့ကို အမှုတွဲပြီး စစ်ကောင်စီက တရားစွဲထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တိုင်းပြည်ရဲ့ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပြောခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအပြင်၊ အာဏာသိမ်းပြီးနောက် ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ တရားစွဲထားတာဖြစ်လို့ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တားနဲလ်ဟာ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရနိုင်ဖွယ် ရှိနေပါတယ်။

သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမယ့် စစ်ကောင်စီရဲ့တုံ့ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။