ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ဆက်လုပ်မယ်လို့ ဦးတင်ဦးပြော
2011.10.22

ပြီးခဲ့တဲ့၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားမှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို အင်နဲ့အားနဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် လက်ရှိမှာ ညီလာခံကျင်းပရေး ပြောဆိုသံတွေ မှေးမှိန်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။
“ပင်လုံညီလာခံ ကိစ္စနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့က ဖျက်လိုက်ပြီ မလုပ်တော့ဘူးလို့ ပြောတာမှ မရှိပဲကိုး။ အဲဒါကြောင့် ဒါနဲ့ပတ်သက်လို့ ဆက်ပြီး ဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျနော် ပြောတာပါ”
ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ကလေးမြို့ ကြေညာစာတမ်းကို လက်မှတ် ရေးထိုးသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင် အမျိုးသားကွန်ဂရက်က စောဟာရီ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းမောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်း စတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။
ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |