မဲပေးခွင့်ရှိသူစာရင်းတွေကို စက်တင်ဘာ ၂၀ မှာ ဒုတိယအကြိမ် ကြေညာမည်
2020.08.28

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် ကြေညာနိုင်အောင် ပြင်ဆင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားထားပါတယ်။
မူလက မဲပေးခွင့်ရှိသူစာရင်းတွေကို အောက်တိုဘာလထဲမှာ ဒုတိယအကြိမ် ကြေညာဖို့ လျာထားပေမယ့် ပြင်ဆင်ပယ်ဖျက်ကန့်ကွက်လိုတာတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင် အခုလို ပြောင်းလဲလိုက်တာလို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ကနေ သြဂုတ် ၁၄ ရက်နေ့အထိ ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူ ၃၇သန်းခွဲ ရှိပါတယ်။
ဧရာဝတီတိုင်းမှာ ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၄၄ သိန်းကျော်ရှိပြီး မဲစာရင်း လာရောက်ကြည့်ရှုခဲ့သူက ၁၇ သိန်းကျော်ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ နာမည်စာရင်းမပါလို့ လာရောက် လျှောက်ထားသူ ခုနှစ်သောင်းကျော်၊ အချက်အလက်မှားယွင်းနေလို့ ပြင်ဆင်သူ နှစ်သောင်းကျော်နဲ့ မပါသင့် မပါထိုက်သူတွေ ပါဝင်နေလို့ ကန့်ကွက်သူ နှစ်သောင်းကျော်ရှိတယ်လို့ တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပါတီပေါင်း ၂၂ ပါတီက ကိုယ်စားလှယ်လောင်းတွေ အပါအဝင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၄၄ ဦး လျှောက်လွှာတင်ခဲ့ပြီး အဲဒီထဲက ၅၄၂ ဦးဟာ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လို့လည်း ဆိုပါတယ်။