မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ဒုတိယ အဆိုးဆုံး

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံး ၁၀ နိုင်ငံထဲမှာ ဒုတိယမြောက် အဆိုးဆုံး ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က မနေ့က အစီရင်ခံစာသစ်တစောင် ထုတ်ပြန် လိုက်ပါတယ်။

2011.05.03
journal_seller_305_z.jpg စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
AFP


ကမ္ဘာတဝှမ်းက ၁၉၆ နိုင်ငံရဲ့၂၀၁၀ ခုနှစ်အတွင်း စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေကို ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံဟာ အရင်နှစ်တွေကလို အဆိုးဝါးဆုံးစာရင်းထဲမှာ ဆက်လက် ပါဝင်နေတယ်လို့ Freedom House အဖွဲ့က အကြီးတန်း သုတေသီ Karin Karlekar က ပြောပါတယ်။

ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ဘယ်လာရုစ်၊ မြန်မာ၊ ကျူးဘား၊ အီကွေတိုးရီးယယ်လ် ဂီနီ၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား စတဲ့ နိုင်ငံတွေ ပါဝင်ကြောင်း ပြောပါတယ်။ အဲဒိနိုင်ငံတွေမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အစိုးရက ချုပ်ကိုင်ထားပြီး၊ အစိုးရနဲ့ အမြင်မတူတဲ့ စာနယ်ဇင်းသမားတွေကို ဖမ်းဆီး ထောင်ချနှိပ်စက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အမေရိကန်အခြေစိုက် စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ CPJ အဖွဲ့ကလည်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် အွန်လိုင်းမီဒီယာကို အဆိုးဝါးဆုံး နည်းလမ်း ၁၀ ခုနဲ့ ထိန်းချုပ်ထားမှုအကြောင်း အစီရင်ခံစာသစ် တစောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာအရ အီရန်နိုင်ငံမှာ အစိုးရက အင်တာနက် ဝက်ဆိုက်တွေကို ပိတ်ပင်တဲ့နည်းကို အသုံးပြုနေပြီး၊ တရုတ်နိုင်ငံမှာတော့ အင်တာနက်သုံးစွဲသူတွေရဲ့ ကွန်ပျူတာတွေထဲက အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူဖို့ သူလျှိုဆော့ဖ်ဝဲလ်တွေ စေလွှတ်တိုက်ခိုက်တဲ့နည်းကို အသုံးပြုနေကြောင်း၊ အလားတူ ဆီးရီးယား နိုင်ငံမှာဆိုရင် အင်တာနက်ဘလော့ဂ် ရေးသားသူတွေကို ဖမ်းဆီးထောင်ချနေပြီး၊ မြန်မာနိုင်ငံမှာတော့ ပြည်ပအခြေစိုက် သတင်းမီဒီယာ ဝဘ်က်ဆိုက်ကို DDoS နည်းပညာနဲ့ ပစ်မှတ်ထား တိုက်ခိုက်တဲ့ နည်းလမ်းရော၊ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို ပြည်တွင်းမှာ ကြည့်ရှုလို့ မရအောင် ဆင်ဆာလုပ် ပိတ်ပင်တဲ့ နည်းလမ်းပါ အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ BMA မြန်မာသတင်း သမဂ္ဂ ဒုတိယ ဥက္ကဌ ဦးဇင်လင်းကို RFA အဖွဲ့သားကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။