လက်ပတ်ဖြူလှှုပ်ရှားမှု ပြည် မှာ ပြုလုပ်


2017.06.10
66-d-protest-620.jpg ပဲခူးတိုင်း ဒေသကြီး ပြည်မြို့က မြေလတ်ဒေသ သတင်းမီဒီယာသမားတွေ စုပေါင်းပြီး ဇွန်လ ၁ဝ ရက်နေ့က လက်ပတ်ဖြူ လှှုပ်ရှားမှု ပြုလုပ်စဉ်
Photo: Ko Kaung Myat Min

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့က မြေလတ်ဒေသ သတင်းမီဒီယာသမားတွေ စုပေါင်းပြီး သတင်းမီဒီယာ လွတ်လပ် ခွင့် ရရှိရေးနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လက်ပတ်ဖြူလှုပ်ရှားမှုကို ဒီကနေ့ ပြည်မြို့က ဗိုလ်ချုပ် ကျောက်ရုပ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတာတွေကို ကန့်ကွက်သလို တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း မြေလတ်ဒေသ ဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ကိုကောင်းမြတ်မင်းက ပြောပါတယ်။

"မီဒီယာဥပဒေနဲ့ စွဲလို့ရတဲ့ကြားထဲကနေပြီး အာမခံလျှောက်ဖို့ခဲယဉ်းတဲ့ ၆၆ (ဃ) နဲ့ စွဲဆိုတာကို ကန့်ကွက်ရှုတ်ချသလို မီဒီယာသမားတွေအပေါ်မှာ ခြိမ်းခြောက်ရတာတွေ၊ တရားစွဲခံရ တာတွေ လျော့ကျသွားတဲ့အထိ ပျောက်ကွယ်သွားတဲ့အထိ ကျနော်တို့ လှုပ်ရှားသွားမှာဖြစ်တဲ့ အတွက် နောက်ထပ်လှုပ်ရှားမှုတွေလည်း ထပ်ပြီးလုပ်ဦးမှာပါ"

အဲဒီလှုပ်ရှားမှုကို နောက်ထပ် ၁ဝ ရက်တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာ သမားတွေကို သတင်းမီဒီယာ ဥပဒေနဲ့ တရားမစွဲဘဲ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတာကို ရှုတ်ချကြောင်း၊ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာ ရေးသားသူ ဗြိတိသျှ ကိုကိုမောင်တို့ရဲ့ အာမခံလျှောက် ထားမှုကို ဗဟန်းမြို့နယ် တရားရုံးက ပယ်ချလိုက်တဲ့အတွက် တရားရေးမဏ္ဍိုင်ကိုလည်း ရှုတ်ချကြောင်း လှုပ်ရှားမှု မှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီကနေ့ လှုပ်ရှားမှုမှာ မင်းတုန်း၊ ကံမ၊ လက်ပံတန်း၊ ပေါင်းတလည်နဲ့ ပြည်က မြေလတ်ဒေသ သတင်းမီဒီယာ သမားတွေလည်း ပါဝင်ခဲ့ကြပါတယ်။

လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ရရှိဖို့အတွက် သတင်းမီဒီယာလွတ်လပ်မှုရှိရမည် ဆိုတဲ့ စာတန်းပါတဲ့ လက်ပတ်ဖြူလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစပြီး ရန်ကုန်နဲ့ မန္တလေးတို့မှာ သတင်းသမားတွေ စုပေါင်းပြီး ပြုလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။