၆၆(ဃ) ပြင်ဆင်ဖို့ မေးခွန်း ဆိုင်းငံ့ခံရ
2017.06.09

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ပေးဖို့အတွက် အမျိုးသားလွှတ်တော်မှာ မေးခွန်းမေးမြန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြရာမှာ ပါတီရဲ့ မေးခွန်းနဲ့ အဆို စိစစ်ရေးကော်မတီက ဆိုင်းငံ့ လိုက်ပါတယ်။
မေးခွန်းနဲ့အဆို စိစစ်ရေးကော်မတီက ဆိုင်းငံ့ဖို့ပြောတာလို့ မေးခွန်းမေးမြန်းနိုင်ဖို့ တင်ပြခဲ့သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် ကပြောပါတယ်။
"ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ အစီအစဉ် ရှိ မရှိ ဆိုပြီးတော့ မေးတယ်လေ၊ မေးတော့ ဒါခဏဆိုင်းငံ့ထားပါတယ်၊ ဒါကတော့ ပါတီလွတ်လပ်ခွင့် မီဒီယာလွတ်လပ်ခွင့် ရှိဖို့လိုတယ်လေ၊ အဲဒီမှာ ပြဆင်စရာအချက်ကလေးတွေလည်း တချို့တွေ့ရလို့ပါ၊ အာမခံပေးတဲ့ကိစ္စပေါ့ အာမခံပေးဖို့ဆိုရင်လည်း တပြေးညီဖြစ်သင့်တယ်ပေါ့"
ပြီးခဲ့တဲ့မတ်လအတွင်းက အဲဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ မေးခွန်းမေးမြန်းဖို့ တင်ပြခဲ့ရာမှာ ဆိုင်းငံ့ထားဖို့ ပြောထားပြီး ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ရှိဖို့ လိုအပ်ပြီး အာမခံမပေးတာကို ပြင်ဆင်စရာ ဖြစ်တဲ့အတွက် မေး ခွန်းမေးဖို့ ၂ ကြိမ်တိုင်တိုင်ကြိုးစားနေတာလို့ စာရေးဆရာ ဝင်းထွဋ်ဇော် ခေါ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ၆၆ (ဃ) ပုဒ်မထဲက ပြစ်မှုပြစ်ဒဏ်အပိုင်းကို ပြင်ဆင်ဖို့ အကြံပြုထားတာရှိပါတယ်။ အဲဒီအကြံပြုချက်မှာ အာမခံပေးဖို့ နဲ့ ထောင်ဒဏ် အများဆုံး ၃နှစ်ကနေ ၂ နှစ်အထိ လျှော့ချ ပြင်ဆင်ပေးဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၇၀ နီးပါးရှိပြီး လတ်တလော မှာ The Voice သတင်းစာအယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို တပ်မတော်က တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။