အာဏာသိမ်းပြီး ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီ တောင်းဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ အလွန် စိုးရိမ် ပူပန်ကြောင်း လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံက ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ အရင်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေမှာ ပါရှိတဲ့အတိုင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံးကို ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ်ကို လုံခြုံရေးကောင်စီ အနေနဲ့ ဆက်လက်ထောက်ခံကြောင်း ဖော်ပြထားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ဆက်လက်ဖော်ဆောင်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှောင်ရှားဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွား ကို အလေးအနက်ထားဖို့၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးရေး ရှိဖို့ စတာတွေ လိုအပ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊၊ နိုင်ငံရေးအရ အမှီအခို ကင်းမှုနဲ့ စည်းလုံးညီညွတ်မှု အခြေအနေတွေကို ထိပါးလိုခြင်း မရှိကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ သတင်းတွေကြောင့် အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဒီ လူ ၁၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ယုံကြည်လောက်တဲ့ သတင်းတွေအရ အခုလို ရက်ရက်စက်စက် အသတ်ခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ငါးဦး ပါဝင်ကြောင်း သိရတယ်လို့လည်း သူက ပြောပါတယ်။
ဒီသတ်ဖြတ်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ မြန်မာစစ်တပ် အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအရ အရပ်သားပြည်သူတွေရဲ့ အသက်ကို ထိခိုက်အော င်မလုပ်ဖို့ တာဝန်ရှိတာကို သတိပေး လိုကြောင်း Stephane Dujarric က ပြောပါတယ်။ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း အရင်ကလည်း ကြေညာချက်တွေ ထပ်တလဲလဲ ထုတ်ခဲ့တဲ့အကြောင်း၊ ဒီလိုလုပ်ရပ်တွေ ထပ်ဖြစ်နေတာ လက်ခံနိုင်စရာ မရှိတဲ့အတွက် ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း ဝိုင်းပြီး တုံ့ပြန်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်ရဲ့ တိုက်ခိုက်မှု တွေနဲ့ ဖမ်းဆီးထားစဉ်မှာ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ကလေးသူငယ် ၇၅ ဦးကျော် အပါအဝင် လက်နက်မဲ့ ပြည်သူ ၁၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။