ထိုင်းဘက်ထွက်ပြေးခဲ့တဲ့ လူ ၃ဝဝနီးပါး နေရပ်ပြန်လာ

RFA Burmese
2023.04.18
ထိုင်းဘက်ထွက်ပြေးခဲ့တဲ့ လူ ၃ဝဝနီးပါး နေရပ်ပြန်လာ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘုရီမြို့ဘက်သို့ တွက်ပြေးတိမ်းရှောင်နေကြသည့် ဆိတ်ဖူးရွာရွာခံများကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးရွာမှာ ဧပြီလ ၁၆ နေ့က ပျူစောထီးခေါင်းဆောင် နှစ်ဦးပစ်သတ်ခံရပြီးနောက် ကလေးတွေအပါအဝင် ဒေသခံ သုံးရာနီးပါးဟာ အန္တရာယ်ဖြစ်မှာကြောက်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းဘက် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အားလုံးဟာ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘုရီမြို့ထံ ထွက်ပြေးခဲ့ရပြီး နောက်တစ်ရက် ဧပြီ ၁၇ ရက်မှာတော့ အခြေအနေတည်ငြိမ်သွားလို့ ရွာကိုပြန်လာကြတယ်လို့ ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 
 
ပျူစောထီးခေါင်းဆောင်နှစ်ဦး အပစ်ခံရပြီးနောက် သေနတ်သံကြားတဲ့ဒေသခံတွေ စိုးရိမ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခမောက်ကြီး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
 
"ပစ်ခတ်ခံလိုက်ရတဲ့ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်တို့က ပြီးခဲ့တဲ့ မတ်လ ၄ ရက် နေ့က ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပါဝင်ခဲ့လို့ ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာပါ"
 
ဧပြီလ ၁၇ နေ့မှာ ပုံမှန်အတိုင်းရွာမှာ တည်ငြိမ်သွားလို့ ဆိတ်ဖူးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဒေသခံအားလုံးကို  ပြန်ခေါ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 
 
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။