ဆိပ်ဖြူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေး
2023.02.16

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာကိုးရွာက ဒေသခံ တစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိပ်ဖြူဒေသခံတွေက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲက ဘဲကျ၊ သံပုရာပင်၊ သပြေ၊ အနောက်ကဖြူ၊ ရွာမ(တောင်)၊ သာယာကုန်း၊ သက္ကယ်ကျင်း၊ ကျစ်ပြင်စတဲ့ ရွာတွေအပါအဝင် ရွာကိုးရွာက ဒေသခံတွေဟာ စစ်ကြောင်းနဲ့ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရွာတွေကို ဝင်ရောက်စီးနင်းနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပခုက္ကူဘက်အခြမ်းက စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၃ ရက်စပြီး ဆိပ်ဖြူဘက်ကို စစ်ကြောင်းထိုးလာတာ။ ရုတ်တရက် စစ်ကြောင်းထိုးတော့ ပြည်သူတွေက ရွာတွေထဲ ပိတ်မိသလို ဖြစ်သွားတယ်။ အဲလို ရွာထဲပိတ်မိသွားတော့ ပတ်ပြီးရှောင်ကြရတာပေါ့။ အခုက စစ်ကြောင်းနဲ့ဝေးတဲ့ရွာတချို့က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ နေကြရတယ်။ စားနပ်ရိက္ခာအတွက်ကတော့ စစ်ကြောင်းမဝင်တဲ့ ရွာတွေက ကူညီပေးကြတယ်”
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတော့ ဘဲကျရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အသက် ၆၀ ကျော်အရွယ် ဦးအေးဝင်းနဲ့ အသက် ၅၀ ကျော်အရွယ် ဦးအောင်မြင့်စိန်တို့ လက်နက်ကြီးထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သူက ပြောပါတယ်။ ရွာမ (တောင်) ရွာမှာတော့ လက်နက်ကြီးကြောင့် နေအိမ် သုံးလုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒုက္ခသည် ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။