အာဏာပိုင်ဖိအားပေးမှုကြောင့် လူငယ်ကွန်ရက်အဖွဲ့ သင်တန်း ဖျက်ရ

လူငယ်ကွန်ရက်အဖွဲ့က ရန်ကုန်မြို့ ဗေဒါကျောင်းမှာ ဖွင့်ဖို့ စီစဉ်ထားတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းမှာ သင်တန်းပေးမဲ့ ဆရာတွေ ဖြစ်တဲ့ ဒေါက်တာ ကျော်ရင်လှိုင်တို့ အဖွဲ့ကို အာဏာပိုင်တွေက အကြီးအကျယ် ဖိအားပေးတဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်ရတယ်လို့ သိရှိရပါတယ်။

2011.06.06
tin_oo_bayda_school_305_z.png အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် တာမွေမှ စမ်းချောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ဗေဒါ စေတနာ့ ဝန်ထမ်း သင်တန်းကျောင်း နေရာသစ်သို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ) လာရောက် အားပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
Photo: RFA)

ဒီကိစ္စနဲ့ ပတ်သက်လို့ ဗေဒါကျောင်း ဦးဆောင် ကော်မတီဝင်တဦး ဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။

“ဒေါက်တာ ကျော်ရင်လှိုင်နဲ့ အဖွဲ့ဝင်တွေက ကျွန်တော်တို့ဆီမှာ မသင်ဖို့ အာဏာပိုင်တွေက ဖိအားပေးတာ။ ကျွန်တော်တို့က ဒီ အီးဂရက်စ်မှာ သင်မဲ့ ဆရာ ၁၂ ယောက်က ကျွန်တော်တို့ ဗေဒါမှာ သင်မှာ။ ဆရာ ၁၂ ယောက် သင်မယ် ဆိုပြီးတော့ ကျွန်တော်တို့ agreement ယူထားတယ်။ အဲဒီ agreement ကို ကျွန်တော်တို့ စနေနေ့ကမှ သူတို့ ဖျက်လိုက်တယ်။ ဖျက်လိုက်တယ်ဆိုတာ အာဏာပိုင်တွေက သင်တာ မကြိုက်ဖူးပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ မသင်ဖြစ်တော့ဘူး။”

ဒီနေ့ ဇွန်လ ၆ ရက်ကစပြီး ၂၅ ရက်နေ့အထိ ဘာသာရပ်ပေါင်း ၁၂ ခုကို ဆရာ ၁၂ ယောက်က ပို့ ချဖို့ စီစဉ်ခဲ့တာပါ။ သင်တန်းဆရာတွေဖက်က အစီအစဉ်ကို ဒေါက်တာကျော်ရင်လှိုင်က ဦးဆောင်ပြီး၊ ပို့ချမဲ့ ဆရာတွေထဲမှာ ပါမောက္ခ ရောဘတ်တေလာလို နိုင်ငံခြားသားဆရာ ပါသလို၊ ဆရာ ဦးသီဟန်၊ ဆရာ ဦးတင်မောင်မောင်သန်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပို့ချမဲ့ ဘာသာရပ်တွေကတော့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံရေး ဘောဂဗေဒ၊ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ဥပဒေများ၊ ကောင်းမွန်တဲ့အစိုးရ၊ လူထုဆိုင်ရာ မူဝါဒတွေကို နှိုင်းယှဉ်လေ့လာခြင်း၊ အရှေ့တောင်အာရှ နိုင်ငံများရဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေးစနစ်တွေအကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ၊ နိုင်ငံရေးဘောဂဗေဒ စတဲ့ ဘာသာရပ်တွေ အပါအဝင် ဘာသာရပ် ၁၂ ခုသင်ကြားပေးဖို့ ဖြစ်ပါတယ်။

အာဏာပိုင်တွေ ဖိအားပေးလို့ ပို့ချမဲ့ အစီအစဉ် ဖျက်လိုက်ရတာနဲ့ ပတ်သက်ပြီး ဒေါက်တာ ကျော်ရင်လှိုင်ကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါမှာ တစုံတရာ ဖြေကြားဖို့ ငြင်းဆန်သွားပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာ အီးဂရက်စ်အဖွဲ့က သင်တန်းမှာတော့ ပို့ချခွင့် ရနေပြီး ဒီကနေ့ စမဲ့ လူငယ်ကွန်ရက်အဖွဲ့က အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာပါ။

လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာလည်း ဒေါက်တာ ကျော်ရင်လှိုင်တို့အဖွဲ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ အခုလိုမျိုး သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ သင်တန်းဖွင့်ဖြစ်မယ် မဖွင့်ဖြစ်ဘူးဆိုတဲ့ အကြောင်းတော့ မသိသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။