အမေရိကန် အောက်လွှတ်တော် မှာ မြန်မာပြည် လူ့အခွင့်အရေး ဆိုင်ရာ ကြားနာပွဲကျင်းပ


2013.03.01
james_mcgovern_305.jpg အမေရိကန်အောက်လွှတ်တော်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကကျင်းပခဲ့တဲ့ မြန်မာပြည်လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ အောက်လွှတ်တော်အမတ် James McGovern ကို တွေ့ရစဉ်
Photo: RFA

ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန် အောက်လွှတ်တော်မှာ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲတရပ်ကို ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ အောက်လွှတ်တော်အမတ် James McGovern က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ပြီး မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ် ခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေ နဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေကို အများအပြား ပြုပြင်ပြောင်းလဲချမှတ်ခဲ့ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတအိုဘားမားတို့ သွားရောက်လည်ပတ်ခဲ့ကြောင်း ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများအပြားလုပ်ဖို့ ကျန်ရှိနေသေးတယ်လို့ ပြောကြား သွားပါတယ်။

ဆက်လက်ပြီး အောက်လွှတ်တော်အမတ် James McGovern က နိုင်ငံရေးအကျဉ်းသား ၂ဝဝ  ကျော်ရှိနေဆဲဖြစ်ကြောင်းနဲ့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေပြီး ရခိုင်ပြည်နယ်က အခြေအနေတွေဟာလည်း စိုးရိမ်စရာဖြစ်ကြောင်း၊ ရိုဟင်ဂျာအများစုပါဝင်တဲ့ ပြည်သူတစ်သိန်းခွဲကျော်ဟာ ရခိုင်ပြည်က ဒုက္ခသည်စခန်းတွေမှာ အစာရေစာချို့တဲ့ပြီး ရောဂါဘယထူပြောမှုတွေကို ရင်ဆိုင်နေရကြောင်း ထပ်မံဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ့စနာက မြန်မာပြည်မှာ လုပ်ကိုင်တဲ့ စီးပွားရေးကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိဖို့လိုကြောင်းနဲ့ အမေရိကန်အစိုးရက ဂရုတစိုက် စောင့်ကြည့်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

အလားတူ နိုင်ငံခြားရေးဋ္ဌာန မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy ကလည်း  မြန်မာအစိုးရအနေနဲ့ ထူးခြားတဲ့တိုးတက်မှုတွေကို ဆောင်ရွက်ခဲ့ကြောင်း၊ လွှတ်တော်တစ်ခု ပေါ်ပေါက်လာပြီဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့ကြောင်း ၊ စာနယ်ဇင်းတွေအပေါ် တင်းကြပ်မှုတွေကို လျှော့ချခဲ့သလို အဓမ္မခိုင်းစေမှုတွေကို အစိုးရက ပိတ်ပင်ခဲ့ကြောင်း ဒါ့အပြင် ကလေးစစ်သား စုဆောင်းမှုကိုလည်း ပပျောက်အောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

အခမ်းအနားကို တက်ရောက်တဲ့ ကချင်အမျိုးသမီးအစည်းအရုံး KWAT က တွဲဘက်ညှိနှိုင်းဆောင်ရွက်ရေးမှူး မအာနိုးကတော့ ကချင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ရှိနေကြောင်း ပြောကြားခဲ့သလို US Campaign for Burma အမေရိကန်အခြေစိုက် မြန်မာအရေး ဆောင်ရွက်မှုအဖွဲ့က Jennifer Quigley နဲ့၊ Human Rights Watch နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဝါရှင်တန်ဆိုင်ရာ ညွှန်ကြားရေးမှူး Tom Malinowski , Earth Rights International အဖွဲ့က ဥပဒေရေးရာ ညွှန်ကြားရေးမှူ Marco Simon နဲ့ United to End Genocide အဖွဲ့ဥက္ကဋ္ဌ Tom Andrews တို့ တက်ရောက်ပြီး မြန်မာပြည်ရဲ့အခြေအနေတွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်းနဲ့ သတိကြီးစွာထားပြီး ဆက်ဆံဖို့လိုကြောင်း စသဖြင့်ပြောဆိုသွားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။