ထိုင်းမြောက်မှာ ယာယီဖြတ်သန်းခွင့်နဲ့ဝင်လာတဲ့ မြန်မာ ၇၅ ဦးကို ပြန်လွှတ်

RFA Burmese
2024.04.24
ထိုင်းမြောက်မှာ ယာယီဖြတ်သန်းခွင့်နဲ့ဝင်လာတဲ့ မြန်မာ ၇၅ ဦးကို ပြန်လွှတ် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် အမှတ် (၁)တံတားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က မြန်မာဘက်ခြမ်းက တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေး တံတားအမှတ် (၁) ကနေ ယာယီ ဖြတ်သန်းခွင့်လက်မှတ်နဲ့ဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၅ ဦးကို ဧပြီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက အဝင်မခံဘဲ ပြန်လွှတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

အဲဒီလူတွေဟာ ထိုင်းနိုင်ငံနယ်စပ် မယ်ဆိုင်မြို့မှာ အလုပ်လုပ်နေတဲ့သူတွေ၊ အရောင်းအဝယ်သမားတွေလည်းပါတယ်လို့ အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။

“နယ်စပ်ဖြတ်သန်းခွင့်နဲ့ တာချီလိတ်-မယ်ဆိုင် နေ့ချင်းကူးပြီး စျေးဝယ်နေတဲ့သူတွေ၊ အလုပ်သွား အလုပ်ပြန်တွေလည်း ပါတယ်။ အရင်ကတော့ လွယ်လွယ်ကူကူ ဖြတ်သန်းသွားလာနေပေမယ့် အခုရက်ပိုင်းတော့ ထိုင်းနဲ့ မြန်မာဘက်ခြမ်းမှာ လုံခြုံရေးတင်းကျပ်တာမျိုးတွေ ရှိတယ်”

ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်မှာ နေ့ချင်းပြန်ခွင့်ပြုချက်နဲ့ ခုနစ်ရက်ခွင့်ပြုချက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီခွင့်ပြုချက်တွေနဲ့ ချင်းရိုင်ခရိုင်အတွင်းမှာပဲ သွားလာလည်ပတ်နိုင်ပြီး ဘတ်တစ်ရာ၊ မြန်မာငွေနဲ့ဆို ကျပ်ခြောက်ထောင်အောက် ပေးရပါတယ်။ ချင်းမိုင်ခရိုင်အထိသွားမယ်ဆိုရင်တော့ ဘတ် ၁၅၀၀၊ မြန်မာငွေနဲ့ဆို ကျပ်ရှစ်သောင်းခွဲလောက်ပဲ ပေးဆောင်ရတာဖြစ်ပါတယ်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ဝင်လာတဲ့သူတွေထဲမှာ လူကုန်ကူးခံရသူတွေ၊ တရားမဝင်အလုပ်သမားတွေပါ ပါလာနိုင်တာကြောင့် သေသေချာချာစိစစ်ဖို့ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ညွှန်ကြားထားတာ ကြားသိရတဲ့အကြောင်း မယ်ဆိုင်မြို့မှာနေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်က RFA ကို ပြောပါတယ်။

ဒါပေမဲ့ ပြည်ဝင်ခွင့်ဗီဇာနဲ့ သတ်မှတ်ချက်ပြည့်ရင်တော့ အဆင်ပြေတယ်လို့ ဆိုပါတယ်။

“စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း မြန်မာပြည်က လူငယ်တချို့လည်း Tourist Visa နှစ်လလျှောက်ပြီး နယ်စပ်ဂိတ်ကနေ ဝင်လာတဲ့သူတွေလည်းရှိတယ်။ သူတို့ကိုလည်း show money အပြည့်အစုံ ပြခိုင်းတာတွေရှိလာပြီ။ အရင်ကတော့ Visa ပါရင် ထွေထွေထူးထူး စစ်တာမရှိဘူး”

ဒါ့ကြောင့် တာချီလိတ်-မယ်ဆိုင်ဂိတ်ကနေ ထိုင်းနိုင်ငံကို တရားဝင် ဗီဇာလျှောက်ပြီးဝင်လာမယ့်သူတွေအနေနဲ့ လိုအပ်တဲ့စာရွက်စာတမ်း အပြည့်အစုံပြင်ဆင်ပြီးမှသာ သွားကြဖို့အကြုံပြုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။