ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအမှုတွေ ပြန်လွှတ်စေလို


2015.07.06
political-prisoner-620.jpg သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လာကြိုသူများနဲ့အတူ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအရ တရားစွဲ အမှုရင်ဆိုင်နေရသူတွေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ လွှတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ နိုင်ငံတော်သမ္မတထံ မေတ္တာရပ်ခံစာပေးပို့ လိုက်ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်ခွင့်ရနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ တောင်းဆိုတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးတင်မောင်ဦးက ပြောပါတယ်။

"နိုင်ငံရေးအရ အကျဉ်းကျနေတဲ့လူတွေက အခုဆက်တိုက်ပြန်ပြီးတော့ မြင့်တက်လာတဲ့အခါမှာ အကျဉ်းသား အရေအတွက်က စိုးရိမ်စရာကောင်းတဲ့ အရေအတွက်တစ်ခုကိုရောက်လာပြီ၊ ၂ဝ၁၅ ရွေးကောက်ပွဲကို ရောက်တဲ့ အခါမှာ ကျနော်တို့နိုင်ငံရေးအရ ဖမ်းဆီးခံနေရတဲ့လူတွေ နိုင်ငံရေးအရ တရားရင်ဆိုင်နေရတဲ့လူတွေရဲ့ ဆန္ဒသဘောထားတွေကိုလည်း ဒီရွေးကောက်ပွဲမှာ ထင်ဟတ်ပေါ်လွင်ခွင့်ပေးသင့်တယ်"

ပေးပို့တဲ့စာထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လာမယ့်ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ခွင့်ရရှိရေးနဲ့ တကယ်လို့ နိုင်ငံရေးအကျဉ်းသားတွေထဲက ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ချင်သူတွေရှိခဲ့ရင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရနိုင်အောင် ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာပေးပို့တာလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က သမ္မတဦးသိန်းစိန်ရဲ့ လုပ်ပိုင်ခွင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ၁၁ ကြိမ်မြောက် ပြန်လည် လွှတ်ပေးခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားဦးရေ သိသိသာသာနည်းသွားရာကနေ လက်ရှိအချိန်မှာတော့ စိုးရိမ်စရာကောင်းတဲ့ အရေအတွက်ကို ပြန်ရောက်နေပြီလို့ ဦးတင်မောင်ဦးက ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦး အထိရှိနေပြီး လက်ရှိအမှုရင်ဆိုင်နေရဆဲ ၄၅၀ ကျော် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။