တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်း
2015.10.01

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့တာဝန်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း NCA ပါ အချက်တွေကို ဆွေးနွေးဖို့ဖြစ်ပြီး အဲဒီတာဝန်ပြီးဆုံးသွားတာကြောင့် ဖျက်သိမ်းလိုက်ပြီလို့ ကရင်အမျိုးသား အစည်းအရုံးအထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
"လော်ခီးလာမှာ ကျန်တဲ့အချက် ၁၃ ချက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ NCCT ညှိနှိုင်းလို့ ရလာတဲ့ အတည်ပြုမူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးကနေပြီးတော့ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်စရာ ၁၃ ချက်ရှိတယ်ဆိုတဲ့အပေါ်မှာ SD ကို အပြီးသတ်ညှိနှိုင်းဖို့ သွားပြီးတာဝန်ပေးလိုက်တယ်၊ သွားညှိ လို့ပြီးသွားပြီလေ၊ သူ့အခန်းကဏ္ဍဘယ်ကနေ ဆုံးသွားသလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် သမ္မတနဲ့ သွားတွေ့တဲ့နောက်ပိုင်းမှာ သူ့တာဝန်ကပြီးသွားတဲ့အတွက်ကြောင့် တာဝန်ဖျက်သိမ်းတဲ့သဘောပေါ့"
ပြီးခဲ့တဲ့ စက်တင်ဘာလက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့၅ ဖွဲ့က ခေါင်းဆောင်တွေ၊ SD အဖွဲ့က ကိုယ်စားလှယ် ၃ ဦးတို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံးပါဝင်ဖို့ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမူမရခဲ့တဲ့အတွက် SD အဖွဲ့ တာဝန်ပြီးဆုံးသွားပြီလို့ သိရပါတယ်။
ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကိုတော့ နိုင်ငံရေးမူဘောင်ရေးဆွဲရေး ၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးတို့အတွက် ဆက်လက်ထားရှိဦးမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး အဖွဲ့ ၁၀ ဖွဲ့က အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။