ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကောင့် VK က ပိတ်လိုက်
2018.09.17

ရှရှားလူမှုကွန်ယက် VK မှာ ဖွင့်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Senior General Min Aung Hlaing ဆိုတဲ့ အကောင့်ကို VK က နှစ်ကြိမ်တိုင်တိုင် ပိတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က ဖေ့စ်ဘွတ်ကုမ္ပဏီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာအပါအဝင် မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အကောင့် ၁၈ ခု၊ ဖေ့စ်ဘွတ်စာမျက်နှာ ၅၂ ခုနဲ့ အင်စတာဂရမ် အကောင့် ၁ ခုကို ဖယ်ရှားပိတ်ပင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အသိုင်းအဝိုင်းထဲက ပုဂ္ဂိုလ် တော်တော် များများဟာ ရှရှားလူမှုကွန်ယက် VK ကိုပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။
ဒါပေမဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ VK ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အကောင့်ကို စည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုနဲ့ ပိတ်လိုက်ပြန်ပါတယ်။
အဲဒီနောက်မှာ Senior General Min Aung Hlaing ဆိုတဲ့ အမည်နဲ့ပဲ နောက်ထပ် အကောင့်တစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။ အခုနောက်ဆုံးဖွင့်လှစ်ထားတဲ့ အကောင့်ဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကောင့်အမှန် ဖြစ်ကြောင်း၊ အရင် အကောင့်ကို ပြန်လည်ပြင်ဆင်ခဲ့တာလို့ သိထားကြောင်း အမည်မဖော်လိုတဲ့ တပ်မတော် အရာရှိ တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ပြန်ကြားရေးကနေ ယူရေးနေတာရှိတာပဲ။ ပြန်ကြားရေးကနေ အဲ့အကောင့်ကနေ ယူရေးနေတာပဲ။ တရားဝင်ဖွင့်ထားတာ အဲဒါတွေပဲ ရှိမှာ။ ကျနော်ထင်တာ update လုပ်ထားတာပဲထင်တာ။ ဟိုကောင် ဖျက်လိုက်တာမဟုတ်ဘူး update လုပ်တာထင်တယ်"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အရင်အကောင့်မှာ followers ၃၇၀၀၀ ကျော်ရှိပြီး၊ အဲဒီ အကောင့် ဖွင့်လှစ်ပြီး တစ်လ မပြည့်ခင်မှာ VK ကုမ္ပဏီက ပိတ်လိုက်တာဖြစ်ပါတယ်။ နောက်ဆုံးဖွင့်တဲ့ အကောင့်မှာတော့ followers ၅၀၀၀ ခန့်ရှိနေခဲ့ပြီး တနင်္လာနေ့ ညနေပိုင်းမှာပဲ အဲဒီအကောင့်သစ်ကိုလည်း VK ကုမ္ပဏီက ထပ်မံ ပိတ်လိုက်တာ ဖြစ် ပါတယ်။
အလားတူ Facebook ကနေ ပိတ်ပင်ခံထားရတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူရဲ့ အကောင့်ကိုလည်း VK က ပိတ်ထားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ မြဝတီရုပ်သံ စာမျက်နှာတွေကတော့ ဆက်ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး VK ကုမ္ပဏီက AFP သတင်းကို ပြောဆိုခဲ့ရာမှာ VK လူမှုကွန်ရက် သုံးစွဲသူ အများအပြား ရဲ့ တိုင်တန်းချက်တွေကြောင့် မင်းအောင်လှိုင် နဲ့ ဦးဝီရသူ တို့ရဲ့အကောင့်တွေကို ပိတ်လိုက်တာဖြစ်ကြောင်း၊ VK မှာ မြန်မာဘာသာစကား တတ်ကျွမ်းသူတွေကို ငှားရမ်းထားကြောင်း ပြောဆိုခဲ့ပါတယ်။