စစ်ကောင်စီကိုဝေဖန်တဲ့ ရခိုင်ဒေသခံတစ်ဦး ထောင်သုံးနှစ် ချမှတ်ခံရ
2024.04.02
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာ စစ်ကောင်စီကို ဝေဖန်လို့ ဖမ်းဆီးခံထားရတဲ့ ဦးစည်သူအောင်ကို မာန်အောင်မြို့နယ် တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ - ၅၀၅-က နဲ့ မတ်လ ၂၉ ရက်နေ့မှာ ထောင်သုံးနှစ်ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တည်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကိစ္စအပါအဝင် လူမှုကွန်ရက်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးထောင်ချခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၅၀၅-က နဲ့ ငြိစွန်းတယ်၊ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ် ချပါတယ်။ မာန်အောင်မြို့နယ် တရားရုံးက အမိန့်ချလိုက်တာပါ။ သူက NLD အမာခံ တစ်ယောက်ပါ။ စစ်ကောင်စီကို ဖေ့စ်ဘွတ်ခ်မှာ စစ်ကောင်စီကို ဝေဖန်လို့ အခုအမိန့်ချတာ”
အသက် ၅၀ အရွယ်ရှိတဲ့ ဦးစည်သူအောင်ဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ရှစ်လအကြာမှာ အခုလို အမိန့်ချခံလိုက်ရတာ ဖြစ်ပါတယ်။
ဦးစည်သူအောင် ထောင်ချခံရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တွေမြို့မှာလည်း ရခိုင်အမျိုးသမီးတွေအရေး တက်ကြွလှုပ်ရှားတဲ့ ဒေါ်ညိုအေးကို မတ်လ ၁၈ ရက်နေ့မှာ ပုဒ်မ - ၅၀၅ (ခ) နဲ့ စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသာများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၀,၂၉၆ ဦး) ရှိနေပြီး အဲဒီအထဲက ကိုးထောင်နီးပါး (၈၈၈၂ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။