မီးရှို့ခံရတဲ့ ကသာမြို့နယ် အင်းကြီးရွာမှာ ရုပ်အလောင်းခုနစ်လောင်းတွေ့

RFA Burmese
2023.02.16
မီးရှို့ခံရတဲ့ ကသာမြို့နယ် အင်းကြီးရွာမှာ ရုပ်အလောင်းခုနစ်လောင်းတွေ့ ကသာမြို့နယ်၊ အင်းရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
KATHA Revolution - IR

စစ်ကိုင်းတိုင်း ကသာမြို့နယ် အင်းကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပြီးနောက် စစ်ကြောင်းပြန်ထွက်သွားချိန် ဒေသခံတချို့ ရွာထဲဝင်ကြည့်ရာမှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ ရုပ်လောင်း ခုနစ်လောင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ အင်းကြီးရွာခံတွေက ပြောပါတယ်။

အသက် ၁၈ နှစ်ဝန်းကျင် အမျိုးသားရုပ်အလောင်းတွေဖြစ်ပြီး အင်းကြီးရွာမှာနေထိုင်တဲ့ ရွာခံတွေ မဟုတ်ကြဘူးလို့ အင်းကြီးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က သွားကြည့်တဲ့အချိန် တွေ့တာ။ လေးယောက်က တစ်နေရာ၊ သုံးယောက်က တစ်နေရာ။ ရွာရဲ့နောက်ဘက်က သနပ်ကွက်အိုင်ဘေးမှာ တွေ့တာ။ ဒီရွာသားတွေ မဟုတ်တော့ ဘယ်သူတွေမှန်း မသိဘူး။ စစ်တပ်က ခေါ်လာတဲ့ဟာတွေကို ပစ်သတ်ထားတာ။ ဘယ်က ခေါ်လာတာလည်းမသိဘူး။ ဖိနပ်က shower ဖိနပ်တွေနဲ့ စစ်သားတွေလည်း မဟုတ်ဘူး။ လူတွေက အရွယ်ကောင်းတွေ ယောက်ကျားလေးတွေ။ အသားက ဖြူဖြူလေးတွေ”

အခုသေဆုံးသူတွေဟာ စစ်ကောင်စီတပ်က ဖမ်းခေါ်လာတဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုး ရွာဘက်က အရပ်သားတွေဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ အင်းကြီး၊ မယ်ငို၊ တက်တူလယ်၊ သာယာကုန်း စတဲ့ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီ လေးရွာပေါင်းက နေအိမ် ၇၀၀ လောက်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က ငါးအိုးရွာကနေ စထွက်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက်ပိုင်း ရွာတွေကိုမီးရှို့ခဲ့တာလို့ ကသာမြို့နယ်က PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“၉ ရက်နေ့မှာ ငါးအိုးဘက်က စထွက်လာတာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ် ၁၁ နေ့ထိ။ အဲဒီ ၁၁ နေ့ကစပြီး မယ်ငိုရွာကို အရင်မီးရှို့တယ် ပြီးတော့ ၁၂ နေ့မှာ တူလယ်ရွာကို မီးရှို့တယ်။ ၁၃ ရက်နေ့က သာယာကုန်းရွာနဲ့ အင်းကြီးရွာကို မီးရှို့တယ်”

နေအိမ်တွေ မီးရှို့ခံရသလို ရွာထဲမှာလည်း မိုင်းတွေထောင်ထားတာကြောင့် မီးရှို့ခံရတဲ့ ရွာလေးရွာက ဒေသခံ နှစ်ထောင်လောက်ဟာ ဒီနေ့ထိ ရွာကိုမပြန်ရဲကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနော်က စစ်ကိုင်တိုင်းမှာ သေဆုံးခဲ့တဲ့ ပြည်သူ ၁၂၂၃ ယောက်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။