ကျောက်ဖြူမှာ အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုခံရသူ ခုနစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး

2021.09.09
ကျောက်ဖြူမှာ အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုခံရသူ ခုနစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး ရခိုင်ပြည်နယ် ကျောက်ဖြူအကျဥ်းထောင်ကို တွေ့ရစဥ်
Photo: RFA
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေနဲ့ တရားစွဲခံရထားရသူ ခုနစ်ဦးကို စစ်တပ်က အမှုရုပ်သိမ်းပြီး ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျောက်ဖြူအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
 
ဒီနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ကျောက်ဖြူမြို့နယ်က သုံးဦးနဲ့ အမ်းမြို့နယ်က လေးဦး ဖြစ်ပါတယ်။
 
သူတို့ဟာ ကျောက်ဖြူအကျဉ်းထောင်ချုပ်ထဲမှာ အချိန်တစ်နှစ်နဲ့ သုံးလအထိ နေခဲ့ရတယ်လို့ ဒီနေ့လွတ် မြောက်လာတဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာက အသက် ၃၆ နှစ်အရွယ် ဦးအေးနိုင်ရဲ့ အကိုဖြစ်သူ ဦးအောင်ထွန်းမြိုင် က ပြောပါတယ်။
 
သူ့ရဲ့ညီဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ နေအိမ်ကနေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅(ခ) နဲ့ တရားစွဲခံခဲ့ရတာလို့ ဆိုပါတယ်။
 
အခုလို ညီဖြစ်သူ ပြန်လည်လွတ်မြောက်လာတဲ့တွက် ဝမ်းသာမိတယ်လို့လည်း ဦးအောင်ထွန်းမြိုင် က ပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုတွေထဲက လူ ၃၅ ဦး၊ စွဲဆိုထားတဲ့အမှု ၁၄ မှုကို ရုပ်သိမ်းပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
 
ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ အထက်ညွှန်ကြားချက်တွေအရ ဒီအမှုတွေကို ဥပဒေနဲ့အညီ ရုပ်သိမ်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား စစ်ရေးပဋိပက္ခတွေအတွင်း အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံရသူ ၂၀၂၀ ခုနှစ် သြဂုတ်လအထိ ၂၇၆ ဦးရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။