ကျောက်တော်မှာ ရေတပ်ကပစ်လို့ အရပ်သား ခုနှစ်ဦး ဒဏ်ရာရကြောင်း မိသားစုဝင်တွေပြော


2020.09.02

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ည ၁၂ နာရီကျော်အချိန်က ကုလားတန်မြစ်ထဲကနေ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်တွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သင်္ဂနက်၊ ငတရောင်း၊ ဂုပ်ပီထောင့် စတဲ့ကျေးရွာတွေက မွတ်စလင်ရိုဟင်ဂျာ သုံးဦးအပါအဝင် အရပ်သား ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျေးရွာလူကြီးတွေ၊ မိသားစုဝင်တွေက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မနေ့ညက ဒီလို ပစ်ခတ်တဲ့ဖြစ်စဉ် မရှိခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက ကုလားတန်မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မြစ်ကမ်းနှစ်ဘက်ရှိ ရွာတွေက အရပ်သား ခုနှစ်ဦး ထိခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

သင်္ဂနက်ကျေးရွာက ဗုံးခိုကျင်းထဲမှာ မိသားစုနဲ့အတူ ပုန်းအောင်းနေတဲ့ အသက် ၆၄ နှစ်အရွယ် ဦးမောင်ဖြူနဲ့ ဇနီးဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဒေါ်စိန်ကျော့သိန်းတို့ထံကို လက်နက်ကြီးအစတွေ ထိမှန်ပြီး ဒဏ်ရာ ရသွားတယ်လို့ သားဖြစ်သူ ကိုမြတ်ချေက ပြောပါတယ်။

“ည ၁၂ နာရီလောက်မှာ နေဗီတက်လာတယ်ဆိုတဲ့ သတင်းကို ပြောနေကြတာ ကျွန်တော်တို့ ကြားရတယ်ဗျ။ ပစ်ခတ်သံတွေကိုလည်း ည ၁၂ နာရီလောက်ကနေ စကြားရတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့က ဗုံးခိုကျင်းထဲမှာ နေရာယူကြတယ်။ ဗုံးခိုကျင်းထဲမှာ ပြားပြားဝပ်နေကြတာပေါ့။ ည ၁ နာရီမှာတော့ နေဗီက ကျွန်တော်တို့ ရွာဘက်ကို ရောက်လာတယ်။ သူတို့က ၁၂ နာရီလောက်ကပင် ကမ်းပေါ်က ရှိသမျှရွာတွေကို တောက်လျှောက်ပစ်ပြီးတော့လာတာ။ ကျွန်တော်တို့ရွာကိုလည်း အဆက်မပြတ်ပစ်သွားတဲ့အခါကျတော့ ဗုံးခိုးကျင်းထဲ ဖောက်ပြီးတော့ ကျွန်တော့အမေဆီထိတယ်၊ အဖေကိုလည်းထိတယ်။ အဖေမှာဆို ခြေချင်းဝတ် အောက်မှာ ဓားနဲ့ခုတ်ထားသလို ဒဏ်ရာက တော်တော်ပြင်းတယ်ဗျ။”

ဒါ့အပြင် သင်္ဂနက်ကျေးရွာကျေးရွာက အသက် ၆၇ နှစ်အရွယ် ဦးစောသာအောင် နဲ့ ငတပေါင်းကျေးရွာက အသက် ၃၇ နှစ်အရွယ် ဒေါ်အေးကျော့သိန်း တို့လည်း အလားတူ ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။

ဒီနေ့ မနက်မှာ အဲဒီ ဒဏ်ရာရသူ လေးဦးကို ကျောက်တော် ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင် ထားရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဂုပ်ပီထောင့် မွတ်စလင်ကျေးရွာမှာတော့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၃၁ နှစ်အရွယ် မာမောက်ရော်ဖီး၊ အသက် ၄၂ နှစ်အရွယ် ဦးဟိုင်ရာမောက်၊ အသက် ၈ နှစ်အရွယ် အဘူချေတို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဂုပ်ပီထောင့်ကျေးရွာ တာဝန်ခံလူကြီး ဦးဘစိန်က သူတို့ သုံးဦးကို ရွာကဆေးဆရာနဲ့ ဆေးကုထားရတယ်လို့ RFA ကိုပြောပါတယ်။

“မြစ်ထဲက နေဗီတက်လာတော့ ၁၂ နာရီ ၂၂ မိနစ်အချိန်မှာ ကျွန်တော်တို့ရွာနားကို ရောက်ပါတယ်။ ရောက်တော့ နေဗီက ပစ်တော့တာပဲ။ အဲဒီလိုပစ်တော့ ကျွန်တော်တို့ရွာက သုံးယောက် ဒဏ်ရာရသွားတာ။ လက်နက်ကြီးက ဈေးဆိုင်တစ်ဆိုင်ကိုလည်း ကျပါတယ်။ နောက်အိမ်တစ်အိမ်မှာ မီးဖိုချောင်ကိုလည်း ကျပါတယ်။ ဒဏ်ရာရ သုံးယောက်ကိုတော့ ကျွန်တော်တို့ နာမည်စာရင်းတွေယူပြီးတော့ ဆေးသမားကို ခေါ်ပြီးတော့ ည ၂ နာရီခွဲလောက်မှာ ဆေးကုသမှုခံယူရပါတယ်။”

မနေ့ကဖြစ်စဉ်ဟာ မြစ်ထဲသွားနေတဲ့ တပ်မတော်ရေယာဉ်ကို ရက္ခိုင့်တပ်တော် (AA) က ကုန်းပေါ်ကနေပြီး ပစ်ခတ်တိုက်ခိုက်ရာမှာ တပ်မတော်ရေယာဉ်က AA အဖွဲ့ရှိနိုင်မယ့် ကုန်းပေါ်ကနေရာတွေကိုမှန်းဆပြီး ပြန်လည်ပစ်ခတ်ရာမှာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေထဲကို ကျရောက်ခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းတဲ့အခါ မနေ့ညက တပ်မတော်ရေယာဉ်က ပစ်ခတ်မှုကြောင့် လမုသား၊ သင်္ဂနက်နဲ့ ဂုပ်ပီထောင့် ကျေးရွာတွေက ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒါ မြန်မာစစ်တပ်က အကြောင်းမဲ့ ပစ်ခတ်တာသာဖြစ်ကြောင်း၊ AA နဲ့လည်း တိုက်ပွဲဖြစ်ပွားတာမရှိသလို AA ဘက်က ပစ်ခတ်မှုလည်း မရှိကြောင်း ပြောပါတယ်။

မနေ့က ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ တပ်မတော်ရေယာဉ်နဲ့ AA အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မနေ့ညက ကျောက်တော်မြို့နယ်မှာ တပ်မတော်ရေယာဉ်ကနေ ပစ်ခတ်တဲ့ဖြစ်စဉ် မရှိခဲ့ဘူးလို့ RFA ကိုပြောပါတယ်။

ကျောက်တော်မြို့နယ်မှာပဲ မနေ့က ရွှေပြည်ကျေးရွာထဲမှာ တပ်မတော်စစ်ကြောင်း ရောက်ရှိနေချိန် အသက် ၁၈ ခန့်အရွယ် လူငယ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီသေဆုံးသူရုပ်အလောင်းဟာ ကျောက်တော်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုရောက်ရှိနေပြီး ဘယ်သူဘယ်ဝါ ဆိုတာကို တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

ဒီသေဆုံးသွားတဲ့ လူငယ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့လောက်က တင်းမာရွာဘက်မှာ ရေချိုးဖို့သွားတဲ့ စစ်သည် နှစ်ယောက်ကို AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာကို လိုက်လံရှာဖွေရာမှာ ရွှေပြည်ရွာဟောင်းရဲ့ မီတာ ၅၀၀ လောက်အကွာမှာ မိုင်းထောင်နေသူတစ်ဦးကိုတွေ့လို့ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ခဲ့ရတာရှိကြောင်း၊ အသေးစိတ်ကို သတင်းထုတ်ပြန်ဖို့ရှိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အရပ်သားတွေ ထိခိုက်မှုရှိနေတဲ့ကိစ္စအပေါ် သက်ဆိုင်ရာအစိုးရနဲ့ အဖွဲ့အစည်းတွေ ကို အထောက်အထားတွေနဲ့တကွ အကြိမ်ကြိမ်တင်ပြနေပေမယ့် ထူးခြားပြောင်းလဲတာမရှိသေးဘူးလို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“လွှတ်တော်ပိုင်းကတော့ အမြဲတမ်းလိုလိုပဲ အရပ်သားထိခိုက်တဲ့အခြေအနေတွေအပေါ်မှာ လွှတ်တော် ထဲမှာရော၊ လွှတ်တော်ပြင်ပမှာရော အဆိုတွေ၊ မေးခွန်းတွေနဲ့ ကျွန်တော်တို့ ဒီသတင်းသမားတွေနဲ့ အမြဲတမ်းလိုလို ပြောပါတယ်။ သက်ဆိုင်တဲ့ အစိုးရအဖွဲ့အစည်းကို ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေနဲ့၊ နေ့စွဲတွေနဲ့၊ ဖြစ်စဉ် အချက်အလက်တွေနဲ့၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့၊ ထိခိုက်ဒဏ်ရာရတဲ့မိသားစုတွေနဲ့ အမြဲတမ်းလိုလို ကျွန်တော်တို့ တင်ပြပါတယ်။ သက်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတွေကိုလည်း တင်ပြပါတယ်။ ဒါပေမဲ့လည်း အစိုးရကလည်း တတ်နိုင်သလောက်ကတော့ လုပ်မယ် ဘာညာပြောပြီးတော့ အောက်ခြေမှာ ဘာမှလည်း ထူးထူးခြားခြား ပြောင်းလဲလာတာ မတွေ့ရဘူးဗျ။”

RFA က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၂၈၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၂၇ ဦးအထိ ရှိနေပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မင်းပြားမြို့နယ် ရာမောင်တံတားအရှေ့ဘက် ဆနွင်းချိုင်ဘက်မှာ နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့သလို ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာဝန်းကျင်ဘက်မှာလည်း မေယုမြစ်ကနေ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်ကနေ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံအချို့က ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။