တိုက်ပိတ်ခံကျောင်းသားတွေကို တားမြစ်ပစ္စည်းသွင်းယူမှုနဲ့ တရားစွဲ


2015.07.16
students-tharyarwaddy-court-620.jpg သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ သယ်ဆောင်မှုနဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။

သာယာဝတီအကျဉ်းထောင်အရာရှိက တိုင်ကြားတဲ့အမှုဖြစ်ပြီး အဲဒီ ပုဒ်မ ၄၂ အရ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ၂ဝဝ သို့မဟုတ် ထောင်ဒဏ် ၆လ အထိ ကျခံရနိုင်တယ်လို့ ဖမ်းဆီးခံထားရသူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"အင်္ဂလိပ်လက်ထက်က ပြဌာန်းတဲ့ဥပဒေ ပုဒ်မ ၄၂ တားမြစ်ထားတဲ့ပစ္စည်းကို အကျဉ်းထောင်ထဲကို သွင်းလာတဲ့ အတွက်ကြောင့် အကျဉ်းဦးစီးဌာနက အရာရှိကနေပြီးတော့ တရားလိုလုပ်ပြီးတော့ တရားစွဲခြင်းဖြစ်တယ်၊ ၆ လအထိ အပြစ်ဒဏ်ချနိုင်တယ်၊ ဒဏ်ငွေ ၂ဝဝ ချနိုင်တယ်၊ နှစ်ရပ်စလုံးလည်းချနိုင်တယ်၊ တစ်ရပ်ထဲလည်း ချနိုင်တယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန်မှာ ထောင်ဝန်ထမ်းတွေက စစ်ဆေးတဲ့အခါ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်လာတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တေ့ွရှိခဲ့ရာ ဇူလိုင်လ ၁၃ရက်နေ့အထိ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကိုအောင်မြင့်ဟန်၊ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုကျော်စွာလင်း၊ ကိုကျော်ကျော်ထွန်းနဲ့ ကိုဟိန်းဇော်လင်းတို့ဟာ ၁၄ရက်ကြာ တိုက်ပိတ်ခံခဲ့ရတဲ့အပြင် တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။