ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု နဲ့ ထောင်ဒဏ်တွေချမှတ်


2015.10.15
students-tharyarwaddy-court-620.jpg သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်အတွင်း တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်တာကြောင့်ဆိုပြီး တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို သာယာဝတီမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။

ချုပ်ရက်တွေကို ထည့်သွင်းခံစားစေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တဲ့အတွက် ချုပ်ရက်က ၃ လ ရှိနေပြီဖြစ်တာကြောင့် ထပ်ပြီးအကျဉ်းကျစရာမရှိတော့ဘူးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက ပြောပါတယ်။

"ထောင်ဒဏ် နှစ်လ၊ ချုပ်ရက်ကို ခံစားခွင့်ပြုသည်ဆိုတော့ ချုပ်ရက်က အဲဒီ့အမှုဖြစ်တုန်းက သုံးလရှိပြီဆိုတော့ ပြီးသွားပြီ"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန် ထောင်ဝန်ထမ်းတွေက စစ်ဆေးတဲ့အခါ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးဖြစ်တဲ့ ကိုအောင်မြင့်ဟန်၊ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုကျော်စွာလင်း၊ ကိုကျော်ကျော်ထွန်းနဲ့ ကိုဟိန်းဇော်လင်းတို့ဟာ ထောင်ထဲကို ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဇွန်လ ၃ဝ ရက်နေ့ကနေ ဇူလိုင်လ ၁၃ရက်နေ့အထိ တိုက်ပိတ် ပြစ်ဒဏ်ပေးခဲ့ပြီး ဇူလိူင်လ ၁၆ ရက်နေ့မှာတော့ သာယာဝတီအကျဉ်းထောင် အရာရှိက တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီပြစ်မှုကိုကျူးလွန်ရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၂ဝဝ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။