ကျောင်းသား ၇ ဦးကို တိုက်ပိတ်၊ နောက်ထပ်တစ်ဦးကို ဖမ်းဆီး


2015.07.02
tharyarwaddy-jail-gate-620.jpg သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

အကျဉ်းထောင်အတွင်း ဆေးလိပ်နဲ့ ကွမ်းယာကို ယူဆောင်ခဲ့မှုနဲ့ သာယာဝတီ အကျဉ်းထောင်က ကျောင်းသား ၇ ဦးဟာ မနေ့ကစပြီး တိုက်ပိတ်ခံလိုက်ရပါတယ်။

အဲဒီကျောင်းသား ၇ ဦးကို အကျဉ်းထောင်ဥပဒေ ချိုးဖောက်မှုပုဒ်မ ၄၂ နဲ့ သာယာဝတီ အကျဉ်းဦးစီးဌာနက တရားစွဲမယ်လို့ နေပြည်တော် အကျဉ်းဦးစီးဌာနရုံးချုပ်က အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။

"ရုံးပြန်လာတဲ့အခါမှာလည်း သူတို့သည် တမင်တကာ ရည်ရွယ်ချက်တွေနဲ့ ဒါတွေကိုယူလာတယ်၊ ထောင် တံခါးဝမှာဝင်ပြီးတော့မှ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရှေ့မှာ ဆေးလိပ်တို့ ကွမ်းယာတို့ ယူလာ တယ်၊ နောက်တစ်ယောက်ဆိုရင် ဒါတွေကို မအပ်နိုင်ဘူးလို့ပြောတယ်၊ ရှာတွေ့တဲ့အခါမှာ ဒေါသတွေဖြစ် ပြီးတော့ အင်္ကျီချွတ်တယ် လုံချည်ကို သူ့ဘာသာသူချွတ်ပြီးတော့မှ တိုက်ဝန်ထမ်းကို ကွမ်းတံထွေးနဲ့ထွေးတယ်၊ အကျဉ်းထောင်ဥပဒေအရ တာဝန်ခံအရာရှိကနေပြီးတော့ တိုက်ပိတ်ပြစ်ဒဏ်ချပါတယ်၊ နောက်ဥပဒေအရ တားမြစ်ပစ္စည်းကို ဝင်လာတဲ့အတွက် အကျဉ်းထောင်လက်စွဲဥပဒေမှာ ပုဒ်မ ၄၃ အရ တရားစွဲဖို့အတွက် ဆောင် ရွက်နေပါတယ်"

အကျဉ်းထောင်အတွင်း ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို နှစ်ကြိမ်ထက်ကျော်လွန် ချိုးဖောက်တယ်ဆိုရင် တိုက်ပိတ်ပြစ်ဒဏ်၊ တာဝန်ကျဝန်ထမ်းတွေကို နှောင့်ယှက်မထီမဲ့မြင်လုပ်မှု အကြိမ်ကြိမ်ကျူးလွန်ချိုးဖောက်ရင် အကျဉ်းထောင်ဥပဒေ ပုဒ်မ ၄၂ အရ အရေးယူခွင့်ရှိတယ်လို့လည်း အဲဒီအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နေ့က သာယာဝတီမြို့နယ် ရုံးချိန်းအပြန်မှာ ကျောင်းသားတွေက ဆေးလိပ်နဲ့ကွမ်းယာကို ယူဆောင်ခဲ့တာကြောင့် ကိုအောင်မှိုင်းဆန်း အပါအဝင် ၃၅ ယောက်ကို ထောင်ဝင်စာပိတ်လိုက်ပါတယ်။

အဲဒီလိုထောင်ဝင်စာ အပိတ်ခံရတဲ့အထဲက ကျောင်းသား ၇ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန်မှာလည်း ကွမ်းယာနဲ့ ဆေးလိပ်တွေ ယူဆောင်လာရာ အကျဉ်းထောင်ဝန်ထမ်းတွေ နဲ့ ကျောင်းသားတွေအကြား စကားများခဲ့ကြတယ်လို့ သိရပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၆၈ ယောက်ထဲမှာ ကျောင်းသားနဲ့ ဝန်းရံသူ ၆၁ ယောက် ပါဝင်ပါတယ်။

ဒီအတောအတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်သွားဖို့ အတွက် ဇွန်လ ၃၀ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ တကသခေါင်းဆောင်တဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို ဒီကနေ့ မွန်းလွဲ၃နာရီခန့်က ကျောက်တံတားရဲစခန်းက လာရောက်ဖမ်းစီးသွားကြောင်း တကသ ကျောင်းသားတွေက ပြော ပါတယ်။ ကိုပိုင်ရဲသူဟာ ဇွန်၃၀ရက်နေ့ ဆန္ဒပြပွဲမှာ ဦးဆောင်သူဒဂုံတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပြီး သူနဲ့အတူ ကိုဇေယျာလွင်၊ ကိုရဲဇာနည်ထွန်း၊ ကိုမင်းသုကျော်နဲ့ ကိုနန်းလင်းတို့ကို ကျောက်တံတားနဲ့ ပန်းပဲတန်းစခန်းတွေက ပုဒ်မ၁၈နဲ့ အရေးယူထားကြောင်းသတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ ကိုပိုင်ရဲသူကို ဖမ်းသွားတာနဲ့ ပတ်သက် ပြီး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ခုလိုပြောပါတယ်။

"လာဖမ်းသွားတယ်ဆိုတဲ့ဟာက အတည်ပြုလုပ်လို့ရပါတယ်၊ ကျောက်တံတားမြို့နယ် ရဲစခန်းက အင်းစိန်ကိုခေါ် သွားတယ် ဆိုတာကတော့ မီဒီယာတချို့က သူတို့နီးစပ်ရာအသိုင်းအဝန်းကို ဖုန်းဆက်မေးတော့ သိရတယ် လို့ပြောတယ်၊ အိမ်ကိုလာခေါ်သွားတယ်ဆိုတာကတော့ ကျနော်တို့ အတည်ပြုလို့ရပါတယ်"

ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရသေးပေမယ့် ဇူလိုင်လ ၁ရက်နေ့က အရေးယူထားတယ်ဆိုတဲ့ ပုဒ်မ ၁၈အပြင် ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မပါတပ်ထားလို့ ဖြစ်နိုင်တယ်လို့ ကျောင်းသားတွေက ယူဆနေပါတယ်။ အခုနှစ်ပိုင်းအတွင်း တက်ကြွလှုပ်ရှားသူတွေကို ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးရာမှာ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှု ပုဒ်မ၁၈အပြင် အာမခံပေးလို့မရတဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမူ ပုဒ်မ ၅၀၅ (ခ)နဲ့ပါ ထပ်ဆင့်အရေးယူနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေကို အကူအညီပေးနေတဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေ က ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အပြစ်ပေးအရေးယူနေတာတွေအပြင် ပညာရေးဥပဒေ အတွက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုကြတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း  ဖမ်းဆီးအရေး ယူနေတာတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အစိုးရဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်တာ ဆိုတဲ့ အမြင်နဲ့သုံးသပ်ချက်တွေထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကို RFA အဖွ့ဲသူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။