လိင်ပိုင်းဆိုင်ရာ မြူဆွယ်ငွေညှစ်တဲ့ အဖွဲ့ခေါင်းဆောင် မြန်မာမှာ ဖမ်းမိ

RFA Burmese
2023.12.19
လိင်ပိုင်းဆိုင်ရာ မြူဆွယ်ငွေညှစ်တဲ့ အဖွဲ့ခေါင်းဆောင် မြန်မာမှာ ဖမ်းမိ မြန်မာနိုင်ငံတွင် ဖမ်းဆီးမိခဲ့သည့် လိင်ပိုင်းဆိုင်ရာ မြူဆွယ်ပြောဆို (Sex Chat) ပြီး ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့ခေါင်းဆောင်ကို တရုတ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးနေစဉ်။
CRI Myanmar

လိင်ပိုင်းဆိုင်ရာ မြူဆွယ်ပြောဆို (Sex Chat) လုပ်ပြီး ခြိမ်းခြောက်ငွေညှစ်နေတဲ့အဖွဲ့ရဲ့ ခေါင်းဆောင်ကို မြန်မာနိုင်ငံကနေ ဖမ်းမိထားတယ်လို့ တရုတ်နိုင်ငံပိုင် CRI သတင်းဌာနက ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

အဲဒီအဖွဲ့ခေါင်းဆောင် စွန်း (Sun) ဆိုသူကို မြန်မာနိုင်ငံမှာ ဖမ်းဆီးခဲ့ပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားတယ်လို့ တရုတ်မီဒီယာက ဖမ်းမိသူရဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြပါတယ်။

ဒါပေမဲ့ သူ့ကို ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နေရာမှာ ဖမ်းမိခဲ့သလဲဆိုတဲ့ အသေးစိတ်အ ချက်အလက်တွေကို အတိအကျ ဖော်ပြမထားပါဘူး။

Sex Chat လုပ်ပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေကို တိုက်ဖျက်ဖို့အတွက် တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ပြီး၊ မြန်မာ ဥပဒေ စိုးမိုးရေးဌာနရဲ့ အကူအညီနဲ့ စွန်း (Sun) ဆိုသူကို ဖမ်းဆီးနိုင်ခဲ့တာလို့ တရုတ်အစိုးရပိုင် CRI သတင်းက ဖော်ပြပါတယ်။

ဒီကိစ္စအသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက် နေ့အထိ ရှမ်းမြောက်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁၂,၀၄၈ ဦးကို ဖမ်းဆီးပြန်ပို့ခဲ့ပါတယ်။

အခုနောက်ပိုင်းပြန်ပို့တဲ့ တရုတ်နိုင်ငံသားအများစုဟာ ကိုးကန့်ဒေသကဖြစ်ပြီး ဒီလို ဖမ်းဆီးမှုတွေကို 'ဝ' ဒေသမှာ စက်တင်ဘာလဆန်းကတည်းက လုပ်ဆောင်ခဲ့တာပါ။

'ဝ' ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ထောင် ကျော်ကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဖမ်းဆီးပြီး နယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း လားရှိုး အခြေစိုက် 'ဝ' တပ်ဖွဲ့ ဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရမ်းက RFA ကို စက်တင်ဘာ ၈ ရက်နေ့မှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။

'ဝ' တပ်ဖွဲ့ဟာ နောက်ပိုင်းမှာလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ပြီး ဖမ်းမိသမျှကို နယ်စပ်ကတစ်ဆင့် တရုတ်ဘက်ကို ချက်ချင်း ပြန်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၃၁,၀၀၀ ကို လွှဲပြောင်းယူခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာနက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ် ပြန်ခဲ့ပါတယ်။

အဲဒီအထဲမှာ ငွေလိမ်ဂိုဏ်းတွေကို နောက်ကွယ်ကနေ ကြိုးကိုင်သူ၊ လူစုဆောင်းပေးသူ အဓိကအဖွဲ့ဝင် ၆၃ ဦးနဲ့ တရုတ်ဝရမ်းပြေး ၁၅၃၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းကနေ ဒီဇင်ဘာလဆန်းအထိ ရှမ်းမြောက်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးပြန်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသား ပျမ်းမျှ လေးသောင်းကျော် ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။