ရှမ်းနဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် လူကိုးထောင်ကျော် ထပ်မံထွက်ပြေးရ

2021.11.04
ရှမ်းနဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် လူကိုးထောင်ကျော် ထပ်မံထွက်ပြေးရ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ နိုဝင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Karenni Nationalities Defense Force-KNDF

ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နဲ့ ချင်းပြည်နယ် မတူပီ၊ ပလက်ဝ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့အောက်တို ဘာလ ၂၇ ရက်ကနေ ဒီနေ့အထိ အချိန် ကိုးရက်အတွင်း လူပေါင်း ကိုးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဘက်မှာ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ် စစ်ကြောင်းနဲ့ ဖယ်ခုံ၊ လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်နီတပ်မတော်တို့အကြား နိုဝင်ဘာ လ ၂ ရက် နေ့ကတည်းက တိုက်ပွဲဖြစ်နေတာလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ထုတ်ပြန်ထား ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ခေါင်းအိ၊ လွယ်ဟဲ၊ ပင်လုံ၊ လွယ်ဝှဲ၊ စက်တော်၊ ရွှေပြည်အေး စတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ နှစ်ထောင်ကျော်ဟာ မနေ့ကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့စပြီး တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ငါးထောင်ကျော်ရှိတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။

“ထွက်ပြေးတဲ့ ရွာတွေ ပိုများလာတယ်။ အခုလည်း ကျွန်တော်တို့ သတင်းအရက အဲဘက်မှာ နောက်ထပ် က မနေ့ကဆိုရင် လူအယောက် နှစ်ထောင်လောက် ထပ်ပြီး စစ်ရှောင်တယ်။ တိုက်ပွဲလည်းဆက်ပြီး ပြင်းနေတယ်။ မနေ့ကတင်ကို နှစ်ထောင်လောက် ရှိပြီဆိုတော့ နောက်ပြီး အဲဘက်မှာလည်း ရွာက များတယ် လူဦးရေလည်း အတော်အတင့်များတယ်ဆိုတော့ ကျွန်တော်ထင်တယ် ဒီရက်ပိုင်းမှာ စစ်ရှောင် ရသူ ငါးထောင်ကျော်ရှိပြီဆိုတာ ဒါသေချာအတည်ပြု ပေးလို့ရတယ်။ နောက်တစ်ချက်က ဒီရက်ပိုင်းမှာ ကျွန်တော်တို့ ဒေသအတွင်းမှာ မိုးတွေအရမ်းရွာတော့ ထွက်ပြေးသူ စစ်ဘေးရှောင်အတွက် အခက်အခဲ ဖြစ်တာက အမိုးအကာတွေ အခက်အခဲ အများရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ နောက်ဆေးဝါး ပေါ့နော်၊ ဆေးဝါးလိုအပ်ချက်တွေရှိတယ်”

ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ဖြစ်သလို တဲထိုးပြီး နေထိုင်ရပြီး မိုးဗြဲမြို့နယ်မှာလည်း တိုက်ပွဲ တွေကြောင့် လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် ဖယ်ခုံမြို့နယ်ဘက်ကို စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အရင်ကတည်းက လေးထောင်ကျော်ရှိပြီး အဲဒီအထဲက ဒုက္ခသည် ငါးဆယ်ကျော် ကိုဗစ်ကူးစက် ခံနေရတာကြောင့် အရပ်ဘက်အဖွဲ့တွေကလည်း ဖယ်ခုံဘက်က ဒုက္ခသည်တွေထံ သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မှာလည်း ဖယ်ခုံမြို့နယ် စက်တော်ကျေးရွာနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ ကစတင်ပြီး ဒေသ ကာကွယ်ရေးအဖွဲ့ CDF အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံလူဦးရေ လေးထောင်ကျော်လောက် ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်က မတူပီ-ပလက်ဝ လမ်းမကြီးမှာ အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်တွေကို မတူပီမြို့ CDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တွီရှစ်ကျေးရွာက မူလတန်းလွန် စာသင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

palatwa-refugees
(ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်) Photo: Chin Youths for Reform

ဒါ့အပြင် စစ်ကောင်စီတပ်တွေက တွီရှစ်ကျေးရွာက နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုလည်း ယူဆောင် နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အင်အား ၁၀၀ကျော်နဲ့ မတူပီ- ပလက်ဝ လမ်းတလျှောက် ထိုးစစ်ဆင်လာတယ်။ လောလောဆယ် တွီရှစ်ရွာက ထွက်ပြေးတဲ့လူဦးရေ ၂၅၀ လောက်ရှိတယ်။ စကစက ရွာတွေကို ရောက်ရောက်ချင်းမှာ ပြည်သူတွေရဲ့ အိမ်ကို ဖောက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြည်သူတွေရဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ကိုလည်း ခိုးယူတယ်။ ကျွန်တော်တို့ လွတ်မြောက်နယ်မြေကို သွားနေရတာတွေလည်းရှိတယ်။ ကျေးရွာထဲ မှာလည်း တိမ်းရှောင် နေရတာလည်းရှိတယ်။ အခုလောလောဆယ် ရွာဘက်မှာ စစ်ဘေးရှောင် လူဦး ကတော့ ၂၃၀၀၊ ၂၄၀၀ လောက် မြေပြင်အခြေနေအရ ရှိတယ်။ မြို့ပေါ်ကလာတဲ့ လူဦးရေပါ ထည့်တွက် မယ်ဆိုရင် လောလောဆယ် စစ်ဘေး ရှောင်ဦးရေက သုံးထောင်ကျော်၊ လေးထောင်လောက် ရှိတယ်”

တိုက်ပွဲကြောင့် တွီရှစ်၊ ဝလံပီးရွာသစ်၊ ရွာဟောင်း၊ ကလားရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ နှစ်ထောင်ကျော်ဟာ တောတောင်တွေထဲကို ထပ်မံထွက်ပြေးနေရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီမြို့တွေကို စစ်ကောင်စီက ဖြတ်လေးဖြတ် စနစ်ကျင့်သုံးပြီး ကားလမ်း ဆက်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားတာကြောင့် လက်ရှိတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောတယ်။

"စကစက ရွာတွေကို ရောက်ရောက်ချင်းမှာ ပြည်သူတွေရဲ့ အိမ်ကို ဖောက်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။"

ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီနေ့ မနက်ပိုင်းအထိ မင်းတပ်ဒေသကာကွယ်ရေး CDF နဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မင်းတပ် CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က RFAကို ပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ စကစဘက်က ၁၀ ယောက်ကျတယ်။ CDF ဘက်က သုံးဦး ဒဏ်ရာ ရတယ်။ အဲဒီ သုံးဦးထဲက ၇၃ နှစ် အရွယ်ပညာရေးမှူး(ငြိမ်း) ဦး Ning Kee Yaw ဒဏ်ရာပြင်း ထန်ပြီး ကျဆုံးသွားခဲ့တယ်။ ညပိုင်း ၇နာရီ ၈ နာရီဝန်းကျင်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ CDF က ပြန်သွား ပစ်တော့ စကစက နှစ်ဦးထပ် ကျတယ်။ မိုင် ၄၀ နားမှာဖြစ်တယ်။ မင်းတပ်မြို့နားက ၆ မိုင် နဲ့ ၉ မိုင် ကြားမှာ ဒီနေ့မနက် လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်”

စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေနဲ့ ချင်းပြည်နယ်က တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်း မပြန်သေးပါဘူး။

ဒေသခံတွေကတော့ ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် ဒီနေ့အထိ ထွက်ပြေးနေရသူ သုံးသောင်းကျော် ရှိတယ်လို့ ပြောဆိုကြပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ကြားက တိုက်ပွဲတွေ ပြင်းထန်လာနေပြီး လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အခြေအနေတွေဟာ ဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မနေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။