ရှမ်းပြည်နယ်က နယ်စပ်ဂိတ်တွေ စစ်ဆေးနေ
2016.08.11
ရှမ်းပြည်နယ်ထဲက နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ထိုင်းနဲ့တရုတ်နိုင်ငံတွေကို ကုန်ပစ္စည်းတွေ ကူးသန်းရောင်း ဝယ်ရာမှာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုအားနည်းနေတာတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြတ်မတ် စစ်ဆေးနေပါတယ်။
အခွန်ကြပ်မတ်ကောက်ခံဖို့အတွက် နယ်စပ်ဂိတ်တွေမှာ ကြီးကြပ်အဖွဲ့တွေကို ဖွဲ့စည်းပေးဖို့ ဒီနေ့ကစပြီး လာမယ့်သြဂုတ်လ ၁၉ ရက်နေ့အထိ ၉ ရက်ကြာ ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
ရှမ်းပြည်နယ်ကနေ ထိုင်းနဲ့တရုတ်နိုင်ငံတွေနဲ့ ကုန်သွယ်နေတဲ့ မိုင်းယမ်း၊ မူဆယ် ၊ ဝမ်တာပင်၊ တာချီ လိတ်၊ မိုင်းလား အစရှိတဲ့ နယ်စပ်ဂိတ်တွေကနေ ဒီဇယ်၊ ဓါတ်ဆီ စားသောက်ကုန်၊ အဝတ်အထည် တွေ တင်သွင်းသလို ပြည်တွင်းကနေ ဆန်၊ ပြောင်း၊ ရာဘာ အစရှိတာတွေ တင်ပို့တာတွေရှိတယ်လို့ ပြောပါတယ်။
အစိုးရက ကုန်ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို ကုန်သွယ်ခွန်အဖြစ်ပေးသွင်းဖို့ သတ်မှတ်ပေးထားပေမယ့် နယ်စပ်ဂိတ်တွေမှာ နားလည်မှုပုံစံနဲ့ ကောက်ယူမှုတွေရှိပြီး အခွန်ငွေတွေ လေလွင့်မှုတွေ ရှိနေတယ် လို့လည်း ပြောပါတယ်။
အခွန်ငွေအပြည့်အဝရရှိစေရေး ကြပ်မတ်ကောက်ခံဖို့အတွက် ကွင်းဆင်ဆောင်ရွက်မှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တို့ ဦးဆောင်ပြီး ကွင်းဆင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
နယ်စပ်ဂိတ်တွေကို သွားရောက်စစ်ဆေးဖို့ တာချီလိတ်မြို့ကို ရောက်ရှိနေတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။