TNLA နဲ့ ပြည်သူ့စစ်တိုက်ပွဲမှာ ပြည်သူ့စစ် နှစ်ဦး သေဆုံး
2020.03.15
ဒီမနက်လေးနာရီလောက်မှာ TNLA တပ်ဖွဲ့တွေက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပန်း(လီရှော)ရွာ၊ ကျောက်ကုန်းတန်း၊ ပန်ဆေး၊ တာကွမ့်၊ မန့်မိုင်(ပန်မောင်း) စတဲ့ကျေးရွာတွေကို ဝင်ရောက်လာတာကြောင့် ကျေးရွာမှာရှိနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲကြောင့် မန့်မိုင်ကျေးရွာက အသက် သုံးဆယ်အရွယ် အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ခိုလုံ လီရှော ပြန်ကြာရေးတာဝန်ခံ မသိမ့်က RFA ကို ပြောပါတယ်။
မနက်လေးနာရီလောက် ကစတဲ့ တိုက်ပွဲဟာ နေ့လယ်ပိုင်းအထိ ဆက်ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ကျေးရွာငါးရွာက ရွာသား ရှစ်ရာလောက်လည်း ပိတ်မိနေတယ်လို့ မသိမ့် ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန့်မိုင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးကတော့ တိုက်ပွဲကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်ဘဲ မန့်မိုင် ပြည်သူ့စစ်စခန်းက နှစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ အရပ်သားထိခိုက်မှု အနည်းငယ် ရှိတယ်လို့ကြားရပြီး အတိအကျမသိရသေးဘူးလို့ ပြောပါတယ်။
နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲဟာ ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ရာနေရာမှာ ပိုပြင်းထန်တယ်လို့ သူက ဆက်ပြောပါတယ်။
နမ့်ခမ်းဒေသခံ ကိုအိုက်ရီကတော့ ဒီမနက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေကို နမ့်ခမ်းမြို့ကနေ ကြားနေကြပြီး တပ်မတော်စစ်ကြောင်းတချို့ နမ့်ခမ်းကြူဆိုင်းရွာဘက်ကနေ တက်သွားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
နမ့်ဖတ်ကာ အခြေစိုက် ခလရ ၁၂၃ တပ်ကလည်း ဒီမနက်မှာ လက်နက်ကြီး ငါးလုံးလောက် အထိပစ်ခတ်တဲ့ အသံကိုကြားရပေမယ့် မူဆယ် နမ့်ဖတ်ကာလမ်းပိုင်းမှာတော့ ခရီးသွားတွေ ပုံမှန်အတိုင်းသွာလာနေတယ်လို့ နမ့်ဖတ်ကာ ဒေသခံက RFA ကို ပြောပါတယ်။
နမ့်ခမ်း နမ့်ဖတ်ကာလမ်းမှာတော့ မနက်အစောပိုင်းလောက်ပဲ ခရီးသွားကားတွေ သွားလာတာကို တွေ့ရတယ် လို့လည်း ပြောပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ ဒီမနက်မှာ ပန်ဆေးဒေသကျေးရွာ တချို့မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို သူတို့အဖွဲ့က ဝင်ရောက်ဖျက်ဆီးနေပြီး ဒေသခံ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ် ပန်ဆေးဒေသမှာ ပန်ဆေးပြည်သူ့စစ်အဖွဲ့နဲ့ TNLA တပ်တွေအကြားမှာ အခုလိုပဲ မူးယစ်ဆေးဝါ တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲ ဖြစ်ပွားလေ့ရှိပါတယ်။
ပန်ဆေးဒေသက ခိုလုံလီရှောတိုင်းရင်းသားတွေကို မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတယ်ဆိုပြီး TNLA အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာ၊ ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ပန်ဆေးဒေသ ခိုလုံလီရှော ပြန်ကြာရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
TNLA ဘက်တော့ အဲဒီဒေသမှာ ပြည်သူ့စစ်အမည်ခံပြီး မူးယစ်ဆေးဝါးထုတ်လုပ်နေတာကြောင့် သူတို့ မူယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတယ်လို့ ပြောပါတယ်။