ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တချို့ ထိန်းသိမ်းခံထားရ
2020.05.01
ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ်အဖွဲ့ တည်ရှိတဲ့နေရာမှာ ကျပ်ဘီလီယံချီတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းခါးအဖွဲ့ ခေါင်းဆောင်တချို့ ဆက်လက်ထိန်းသိမ်းစစ်ဆေး ခံနေရပြီး တချို့ပြန်လည်လွတ်မြောက်လာတယ်လို့ ကောင်းခါးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ ကျပ်ဘီလီယံချီပြီး တပ်မတော်က ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် ကောင်းခါး ပြည်သူ့စစ်အဖွဲ့ကို လက်နက်တွေအပ်ခိုင်းခဲ့ပြီး ခေါင်းဆောင်ပိုင်းတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွယ်ခမ်ရွာက ပြည်သူ့စစ်ခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ကောင်းခါး အဖွဲ့ခေါင်းဆောင်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေ အဓိကဖမ်းမိခဲ့တဲ့ လွယ်ခမ်ရွာက ပြည်သူ့စစ် ခေါင်းဆောင်တချို့ ထိန်းသိမ်းခံထားရတယ်လို့ အမည်မဖော်လိုတဲ့ ကောင်းခါး ပြည်သူ့စစ်အဖွဲ့ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
လွယ်ခမ်ပြည်သူ့စစ်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးလမုန်ထန်၊ ဦးတီလောက်ကျောက်၊ ဦးဇော်နမ်၊ ဦးအော်ရာဇမ်၊ ဦးဘရမ်အောင် အပါအဝင် ဆယ်ဦးခန့် လားရှိုးမှာ ထိန်းသိမ်းခံရထားတယ်လို့ ဆိုပါတယ်။
တပ်မတော်က ပြီးခဲတဲ့ ဖေဖော်ဝါရီလက ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအုပ်စုနဲ့ လွယ်ခမ် ကျေးရွာတွေမှာ ကျပ်ဘီလီယံရာနဲ့ချီတဲ့ မူးယစ်ဆေးတွေ ပြည်သူ့စစ်တံဆိပ်ပါ လက်နက်တွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
မတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ တပ်မတော်က ကောင်းခါးပြည်သူ့စစ်ဌာနချုပ် နေရာကို ဝင်ရောက်စီးနင်းပြီး လက်နက်အပ်ဖို့ညွှန်ကြားခဲ့ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ရဲတပ်ဖွဲ့ကို လွှဲပြောင်းထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူကတော့ မူးယစ်ဆေးဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲ ကာလဖြစ်တာကြောင့် ဘာမှပြောလို့ မရသေးဘူးလို့ ပြောပါတယ်။
RFA က စုံစမ်းလေ့လာမှုအရ မူးယစ်ဆေးနဲ့ဆက်စပ်ပြီး လွယ်ခမ်က ပြည်သူ့စစ်ခေါင်းဆောင်တချို့နဲ့ နေအိမ်အစောင့်အချို့ကို လားရှိုးထောင်မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ကောင်းခါးအဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အင်အားကြီး ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်ပြီး လားရှိုး၊ ကွမ်လုံ၊ သိန္နီ၊ မူဆယ်၊ ကွတ်ခိုင်မြို့နယ်တွေမှာ အဓိကလှုပ်ရှားခဲ့ပါတယ်။
တပ်မတော်ဘက်က ကောင်းခါးအဖွဲ့ကို ဖမ်းဆီးအရေးယူတာဟာ မူးယစ်ဆေးနဲ့ AA လက်နက်ကိုင် အဖွဲ့တွေရဲ့ စီးပွားရေးနဲ့ ဆက်စပ်တာကြောင့်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး ကောင်းခါးအဖွဲ့ကတော့ ငြင်းဆိုပါတယ်။
တခြားပြည်သူ့စစ်အဖွဲ့တွေလည်း မူးယစ်ဆေးနဲ့ ဆက်စပ်နေတာရှိပေမယ့် သူတို့အဖွဲ့ကိုမှ ဒီလိုဖမ်းဆီးပြီး လက်နက်ကိုင်တွေနဲ့ ပတ်သက်ကြောင်း စွပ်စွဲတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ ပြောပါတယ်။
ဒေသခံတချို့ကတော့ မူးယစ်ဆေးနဲ့ လက်နက်တွေမိတဲ့ လွယ်ခမ်ကျေးရွာဟာ ကိုးကန့်တိုင်းရင်းသား အများအပြား နေထိုင်တာဖြစ်လို့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေ ပတ်သက်မှုရှိနိုင်တဲ့ အခြေအနေအပေါ် တပ်မတော်က သတင်းရလို့ အရေးယူမှုတွေ လုပ်တာဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
ဒီလိုဖမ်းဆီးအရေးယူလိုက်တဲ့အတွက် မူးယစ်ဆေးနဲ့ ပတ်သက်ပြီး တခြားပြည်သူ့စစ်အဖွဲ့တွေကိုလည်း သတိပေးလိုက်သလိုပဲလို့ မူဆယ်မြို့ SNLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးကတော့ ပြည်သူ့စစ်အဖွဲ့တွေ အရေးယူခံရမှုအပေါ် သူ့အမြင်ကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကချင်အထူးဒေသ (၅ ) KDA ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကနေ ခွဲထွက်ပြီး ၁၉၉၁ ဇန်နဝါရီမှာ တပ်မတော် အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။၂၀၀၉ ခုနှစ် မတ်လမှာ ဌာနေပြည်သူ့စစ် အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။