ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ

ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းပါတီတွေအပါအဝင် အစိုးရဖက်ကလည်း တက်ရောက်ကြပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

2013.02.07
shan-state-day-ygn305 ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသည့် ၆၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကို တွေ့ရစဉ်။
Photo:RFA/Moe Thu Aung

မူဆယ်နဲ့ နမ့်ခမ်းမြို့တွေမှာ အရင်နှစ်တွေနဲ့မတူဘဲ ရှမ်းပြည်နယ်သားတွေနဲ့ အစိုးရအာဏာပိုင်တွေ အပါအဝင် စည်စည်ကားကား ကျင်းပနိုင်တဲ့အကြောင်း နမ့်ခမ်းမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အရာရှိတစ်ယောက်က RFA ကိုပြောပါတယ်။

“မူဆယ်မှာလဲ လုပ်တယ်၊ နမ့်ခမ်းမှာလဲ လုပ်တယ်၊ လုပ်တာတော့ အခမ်းအနားတွေနဲ့ပေါ၊့ အဓိကတော့ မြို့ပေါ်ရပ်ကွက်တွေရယ်၊ မြို့ပေါ်ဌာန ဆိုင်ရာတွေလာကြတာ၊ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရယ် ယဉ်ကျေးမှုအဖွဲ့တွေရယ် ပါတီတွေရယ် အကုန်လုံးတက်ကြပါတယ်၊ လူထုတွေရယ် လူကအားလုံး နမ့်ခမ်းမှာတော့ ၄၀၀၀ ကျော်ကျော်လောက်ရှိမှာပေါ့၊ မူဆယ်မှာတော့ ပိုများမယ်၊ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းချုပ်ပြော၊ အဓိကတော့ ပွဲဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌရဲ့ မိန့်ခွန်းတွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကပေးတဲ့ သဝဏ်လွှာတွေ ဖတ်ပြ၊ တခြားပျော်ပွဲရွှင်ပွဲမရှိပါဘူး၊ ဒီတိုင်းအခမ်းအနားလုပ်တာက စည်တယ်”

အခုအချိန်ဟာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြတဲ့ ကာလဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေကို အခါတိုင်းနှစ်နဲ့မတူပဲ ဒီနှစ်မှာ အားလုံးပါဝင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်တဲ့အကြောင်း အဆိုပါ SSA တောင်ပိုင်းအရာရှိက ပြောပြပါတယ်။

“အရင်နှစ်တွေကတော့ တိုးတိုးတိတ်တိတ် လုပ်ကြတယ၊် ဒါပေမဲ့ ဒီနှစ်ကတော့ ပွှင့်လင်းမြင်သာ နဲနဲရှိလာတော့ ပွဲလဲကြီးကျယ်တာပေါ့၊ အခမ်းအနားနဲ့လုပ်တာ ဒီနှစ်မှ စပြီးမှ လုပ်တာ၊ အရင်နှစ်တွေက ကိုယ့်စာပေ ယဉ်ကျေးမှုအသင်းလောက် တိုးတိုးတိတ်တိတ် ကိုယ့်အဖွဲ့လေးနဲ့ လုပ်ကြတယ်၊ ဒီနှစ်ကတော့ လူထုပါဝင်နိုင်တဲ့ အခမ်းနားနဲ့ ကြီးကျယ်လုပ်တာ”

အဲဒီအခမ်းအနားတွေကို ရှမ်းပါတီတွေဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ SNDP နဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

၁၉၄၇ နှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းစော်ဘွားတွေ လူထုကိုယ်စားလှယ်တွေက ပြည်မနဲ့ တောင်တန်းဒေသတွေ ပြည်ထောင်စုကြီးကို ပူးပေါင်းတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး  အဲဒီနေ့မှာပဲ ရှမ်းအလံကို စတင်သတ်မှတ်ခဲ့ကာ  ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။