နောင်ချိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရ

RFA Burmese
2024.09.22
နောင်ချိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရ ရှမ်းပြည်နယ် နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်း လေကြောင်းမှ တိုက်ခိုက်ခံရအပြီး မြင်ကွင်းတချို့အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၂ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သုံးဦး ဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်ကကြဲချတဲ့ ပေါင် ၅ဝဝ ဗုံးလေးလုံးထဲက သုံးလုံးက နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံသုံးဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ထဲကို လေကြောင်းက ဗုံးကြဲတာကြောင့် နောင်ချိုမြို့ ညဈေးတန်း၊ မြို့မဈေးနဲ့ ဈေးရပ်ကွက် နယ်မြေ ၄ မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်နဲ့ ဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နောင်ချိုမြို့ပေါ် အပါအဝင် တစ်မြို့နယ်လုံးနီးပါးကို TNLA က သိမ်းပိုက်ထားပြီး စက်တင်ဘာလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ TNLA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။