မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ဖို့ ရှမ်းပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း
2016.12.06

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက ဒီနေ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။
အဲဒီအဆိုကို ကန့်ကွက်သူတွေ ရှိပေမယ့် ထောက်ခံသူများတာကြောင့် မနက်ဖြန်ကျင်းပမယ့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။
"ဒီကိစ္စကို ဆွေးနွေးမယ့်သူအမည်စာရင်း ပေးနိုင်ပါတယ်ဆိုပြီးတော့ သူတို့ဖိတ်ခေါ်တယ်။ ဆွေးနွေး မယ့်သူတွေကတော့ သွားပြီးစာရင်းပေးကြတာပေါ့။ ဒီနေ့ဆိုရင် ကျနော်တို့ အန်အယ်လ်ဒီနဲ့အတူ ကန့်ကွက်တယ်။ မဲမနိုင်ဘူး။ ဆိုလိုရင်းကတော့ မနက်ဖြန်လည်းသွားပြီး ကန့်ကွက်ဆွေးနွေးပေမယ့် လည်း ဘယ်လိုမှအသာစီးမရနိုင်ဘူး။ ဒီကိစ္စကိုတော့ ရာခိုင်နှုန်း ခပ်များများကတော့ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သား ဖြစ်ချင်တဲ့အနေအထားလေး ဖြစ်သွားနိုင်ဖို့ တော်တော်လေးသေချာနေတဲ့ အနေအထားပေါ့လေ"
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ KIA တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က တင်သွင်းတဲ့ အရေးကြီးအဆိုကို NLD ပါတီက ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့တာကြောင့် အဆိုကို ဆက်လက်ဆွေးနွေးဖို့ သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ်အများစုရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံတာကြောင့် ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၃ဝ ကျော်ရှိပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၃၅ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ ဦး ရှိတာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံမယ်ဆိုရင် အဲဒီအဆိုဟာ မနက်ဖြန်မှာ အတည်ဖြစ်မှာ ဖြစ်ပါတယ်။