ရှမ်းမြောက်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ထပ်တိုး

RFA Burmese
2023.11.03
ရှမ်းမြောက်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော် ထပ်တိုး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ ရိုမန်ကက်သလစ်ကျောင်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၃,၀၀၀ ကျော်ထပ်တိုးလာပြီး စုစုပေါင်း ၃၇,၄၀၀ ကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA - Myanmar) က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် ၂၂ ခုအနက် အနည်းဆုံး ကိုးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒုက္ခသည် အရေအတွက် ထပ်တိုးလာသလို လူသားချင်း စာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေဟာလည်း လက်ရှိအချိန်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် အဟန့်အတား ဖြစ်နေပြီး အဓိကကျတဲ့ တံတားတစ်ခုလည်း ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တွေက နေရာအများစုမှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှု အခြေအနေ ဆိုးရွားနေတယ်လို့ UNOCHA က ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ကစတင်ပြီး မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေကို သိသာတဲ့ ထိခိုက်မှုတွေ ရှိစေတယ်လို့လည်း ဆိုပါတယ်။

UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁.၇ သန်းနီးပါးရှိနေပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိလာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။