ရှမ်းဒုက္ခသည်စခန်း ၆ ခုကို ရိက္ခာဖြတ်
2017.10.05
ထိုင်းနိုင်ငံနဲ့ ရှမ်းပြည်နယ် နယ်စပ်တွေမှာရှိတဲ့ ရှမ်းဒုက္ခသည်စခန်း ၆ ခုကို နိုင်ငံတကာအဖွဲ့အစည်းတွေက နှစ်ရှည်လများ ထောက်ပံ့နေတဲ့ အခြေခံရိက္ခာတွေကို ဒီလ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ရပ်လိုက်တဲ့ အတွက် ဒုက္ခသည်စခန်းတွေ အခက်အခဲ ဖြစ်နေပါတယ်။
လက်ရှိမှာ ရှမ်းဒုက္ခသည်စခန်း ၆ ခုမှာ အကျပ်အတည်းဖြစ်နေပြီး အလှူရှင်တွေနဲ့ ကြိုးစားဆက်သွယ်နေတယ်လို့ ရှမ်းပြည်ဒုက္ခသည်များကော်မတီဝင် လုံးစိုင်းလင်းက ပြောပါတယ်။
"ကျပ်တည်းနေတဲ့ အနေအထားပါ။ ရေရှည်သွားဖို့ကတော့ တော်တော်နဲ့မလွယ်ဘူး။ စဉ်းစားတောင် မစဉ်းစား တတ်ဘူး။ ရေရှည်ကတော့ ဘယ်လိုဖြစ်မလဲ မပြောတတ်ပါဘူး။ စက်တင်ဘာ ပြီးသွားပြီဆိုတော့ မရှိတော့ ဘူးပေါ့။ အခုအန်ကယ်တို့ တတ်နိုင်သလောက်တော့ ကြိုးစားဆက်သွယ်နေပါတယ်"
လက်ရှိအချိန်မှာ ရိက္ခာလက်ကျန်တွေ အနည်းငယ် ရှိနေသေးပေမယ့်လည်း ဒုက္ခသည်တွေအတွက် လုံလောက်မှု မရှိတဲ့ အနေအထားဖြစ်နေပြီလို့ ပြောပါတယ်။
အဲဒီ ဒုက္ခသည်စခန်းတွေဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် နယ်စပ်တလျှောက်မှာ ၅ ခုနဲ့ ထိုင်းနိုင်ငံဘက်မှာ ၁ ခု တည်ရှိနေတာဖြစ်ပြီး ဒုက္ခသည်စုစုပေါင်း ၆၂၀၀ ကျော်ရှိပါတယ်။
အရင်က အဲဒီဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လစဉ် ဆန်၊ ဆီ၊ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တာပါ။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့သူတွေအနေနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကတ်မရှိတဲ့အတွက် ထိုင်းနိုင်ငံဘက်ကိုသွားပြီး အလုပ်ဖို့လည်း အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
အဲ့ဒီရှမ်းဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်ကစပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးလာကြရတဲ့သူတွေလို့လည်း သိရပါတယ်။