သီပေါမြို့နယ်က တိုက်ပွဲကြောင့် ရွာသား ၆၀၀ ကျော် ထွက်ပြေးနေရ


2018.11.02
shan-refugees-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်တိန်းတောင်၊ မန်မိုင် ရေပူရွာနဲ့ မန်ဟုန်းကျေးရွာတွေမှာ RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သီပေါနဲ့ နမ့်လန် လမ်းပိုင်း မန်ဟုန်းကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်းက RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်တာကြောင့် တာလုံရွာ၊ ဟိုနားရွာ ကုန်းစောက်ကျေးရွာအုပ်စု ခိုင်းလုံရွာက ရွာသား ၂၀၀ ကျော်ဟာ သီပေါ နားမခေါ် ဘုန်းကြီးကျောင်းကို ထွက်ပြေးလာကြပါတယ်။

ဒီနေ့ မနက် ၁၁ နာရီကျော်က နာရီဝက်နီးပါး တိုက်ပွဲဖြစ်ခဲ့တာလို့ နားမခေါ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းမြင့်က RFA ကို ပြောပါတယ်။

လက်ရှိအချိန်အထိ ရွာသားတွေ ထပ်မံထွက်ပြေးလာနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်တိန်းတောင်နဲ့ မန်မိုင် ရေပူရွာတဝိုက် မှာ RCSS နဲ့SSPP/TNLA ပူးပေါင်းအဖွဲ့တွေ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် မန်ဆန်ကျေးရွာအုပ်စု မန်နား၊ ကောင်းဝိန်း၊ ပိန်းဆာ၊ နိုင်းလုံ စတဲ့ ကျေးရွာတွေက ရွာသားတွဟာ သီပေါမြို့နယ် မန်ဆန်ဘူတာဘုန်းကြီးကျောင်းမှာ လူဦးရေ ၂၅၀ နဲ့ မန်ဆန်ကြီး ဘုန်းကြီးကျောင်းမှာ လူဦးရေ ၂၀၀ လောက် လာရောက်ခိုလှုံနေရပါတယ်။

စစ်ပြေးဒုက္ခသည်တွေအတွက် သီပေါမြို့နယ် အုပ်ချုပ်ရေးပိုင်းက စားနပ်ရိက္ခာတွေ ကူညီတာရှိပေမယ့် တိုက်ပွဲက ကျေးရွာတွေအနီးမှာ ကပ်ဖြစ်နေတာကြောင့် သူတို့တွေ နေရပ်ပြန်ဖို့ ခက်ခဲနေသလို ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်ခဲရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကိုဘုန်းထက်ကျော်က ပြောပါတယ်။

ဒါ့အပြင် သူတို့ကို ကူညီပေးတဲ့အဖွဲ့တွေလည်း ထပ်မံလာရောက်တာ မရှိသေးဘူးလို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့က ရှမ်းပြည်နယ် နမ္မတူ- လားရှိုးလမ်းပိုင်းပေါ်က မန်ပြိန်းရွာမှာ SSPP နဲ့ RCSS တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်ပြိန်း၊ မန်မိုင်၊ အီနိုင်း စတဲ့ ကျေးရွာတွေက ဒေသခံ ၁၄၀၀  လောက်ဟာ လားရှိုးမြို့က မန်ဆူကျောင်း၊ ဘူတာရပ်ကွက်က ခရစ်ယာန်ကျောင်းနဲ့ ကက်သလစ်ကျောင်းတွေကို ထွက်ပြေးခိုလှုံ ခဲ့ရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ မနေ့ကနဲ့ ဒီကနေ့မှာတော့ အီနိုင်းရွာတဝိုက်မှာ တိုက်ပွဲတွေမရှိတော့ဘဲ နယ်မြေအေးချမ်း ပြီဖြစ်တာကြောင့် မန်ဆူကျောင်းမှာခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေအားလုံး သူတ့ိုနေရပ်ကိုပြန်သွားကြပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။