မိုင်းရှူးမြို့နယ် စစ်ဘေးဒုက္ခသည်တွေ ကို မြေနေရာပေးမည်


2015.12.13
shan-refugees-620.jpg ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် ၊ မိုင်းရှူးမြို့နယ်၊ ကုန်းနိမ်ကျေးရွာနဲ့ နမ့်ပါမုန်း ကျေးရွာက စစ်ဘေး ဒုက္ခသည် ဦးရေ ၁၉၀ နီးပါးအတွက် ဟိုက်ပါကျေးရွာဘေးမှာ မြေနေရာပေးဖို့ စီစဉ်နေပါတယ်။

အဲဒီကျေးရွာ ၂ ရွာမှာ နယ်မြေအေးချမ်းမှု မရှိတာကြောင့် နေရပ်ပြန်နိုင်ဖို့ အချိန်ကြာမြင့်မှာဖြစ်တဲ့အတွက် အခုလို နေထိုင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ အဲဒီဒုက္ခသည်စခန်းကို ကူညီပေးနေတဲ့ ဒေါ်နန်းကျန့်ဟိန်း က ပြောပါတယ်။

"ကုန်းနိမ်ရွာတို့၊ နမ့်ပါမုန်းရွာတို့ ဆိုရင်တော့လုံးဝမပြန်နိုင်သေးဘူးပေါ့၊ သူတို့အတွက်က ဒီမှာနည်းနည်းပိုကြာလိမ့်မယ်၊ သူတို့အတွက်နေရာ နည်းနည်းလေး ကောင်းအောင်လုပ်ဖို့ စဉ်းစားထားတယ်၊ နေရာအသစ်ထပ်ပေးမယ်လို့တော့ ပြောထားတယ်၊ ဒီနေ့သူတို့ကို အိမ်တွေသွားဆောက်ပေး ဖို့ ပြောနေကြပြီ"

စစ်ဘေးသင့် ဒုက္ခသည် မိသားစုတစ်စုကို ပေ ၃၀× ၅၀ မြေကွက်တစ်ကွက် စီပေးထားပါတယ်။ အိမ်ဆောက်ဖို့ အတွက် ဟိုက်ပါဘုန်းတော်ကြီးက ဝါးတွေ ထောက်ပံ့ပေးထားပြီး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေအိမ်တွေ ဆောက်လုပ်ရမှာ ဖြစ်ပါတယ်။

ဟိုက်ပါ ဒုက္ခသည်စခန်းမှာ နမ့်ပါမုန်း ( ပလောင်)၊ နမ့်ပါမုန်း ( လီဆူး) ၊ ကုန်းနိမ်၊ တာဆာမ်ပူး၊ ဟိုနမ့်၊ နောင်ခေတ်၊ လွယ်ဖွဲ့၊ ဟိုင်းတောင်နဲ့ နားပေ ကျေးရွာတွေက စစ်ဘေးရှောင်ဒုက္ခသည် တစ်ထောင်ဝန်းကျင် မှီခိုနေ ရတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နဲ့ ကျေးသီးမြို့နယ်တွေမှာ အစိုးရတပ် နဲ့ SSPP/ SSA တပ်တို့ အကြား တိုက်ပွဲတွေ ကြောင့် ဒေသခံ တစ်သောင်းလောက် နေရပ်စွန့်ခွာထွက်ပြေး ရနေတာဖြစ်ပါတယ်။

ဒီအတွင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီရေးအတွက် အလွှာအသီးသီးက လူငယ်တွေ စုပေါင်းပြီး ရန်ပုံငွေ ရှာဖွေပွဲတွေ ကျင်းပကြဖို့ စီစဉ်နေပါတယ်။ ငြိမ်းချမ်းရေရှိုက်သံ အမည်နဲ့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး မြို့နယ်တွေမှာ တေးဂီတ နဲ့ သီဆိုဖျော်ဖြေ အလှူငွေ ကောက်ခံမယ့် အစီအစဉ် စတင်ဆောင်ရွက်မယ်လို့ သိရပါတယ်။

လှိုင်မြို့နယ် Myself ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုဝဏ္ဏဆွေ က အခုလို ပြောပါတယ်။

"အဓိကသူတို့လိုအပ်တဲ့ဟာတွေကိုလှူဒါန်းမယ်၊ ဆေးဝါးလိုရင် ဆေးဝါးလှူမယ်၊ စားစရာလိုရင်၊ စားစရာပေါ့၊ အဓိကကတော့ ငွေလှူမယ်၊ သူတို့ဘာသာ သုံးချင်တာသုံးဖို့"

ဒီဇင်ဘာငြိမ်းချမ်းရေးခရီးစဉ်လို့ အမည်ရတဲ့ အဲဒီခရီးစဉ်ကို အလွှာအသီးသီးက လူငယ်တွေစုပေါင်းလုပ် ဆောင်ကြတာဖြစ်ပြီး၊ နေပြည်တော်၊ တောင်ကြီး၊ ပခုက္ကူ၊ ရွှေဘို၊ မေမြို့၊ လားရှိုး၊ အောင်ပန်း၊ ဟဲဟိုး၊ ညောင်ရွှေ ၊ ကလောစတဲ့ မြို့ကြီးတွေဆီ သွားရောက်ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။