ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်


2013.12.03

မြန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ဝါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာန ဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။

“ကျမတို့ ပင်လုံရွှေရတုကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၀၈ လား ၂၀၀၉  လား၊ အဲ့ဒီတုန်းက ကျမတို့ ရှမ်းအဆိုတော်နဲ့ ရှမ်းစာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးက ခေါင်းဆောင်တွေကို ကျမတို့ ဆုချီးမြင့်တယ်လေ၊ ဘွဲ့တံဆိပ်လိုမျိုး သဘောပေါ့နော်၊ အဲ့တုန်းက ရှမ်းအဆိုတော်ဆို ၅ ယောက် ၆ ယောက်လောက်ဆုရတယ်၊ နောက်ပြီး စာပေနဲ့လုပ်တဲ့ ဆရာကြီးတွေဆို သုံးလေးငါးယောက်ရှိတယ်၊ အဲ့ရွှေရတုမှာ ဘွဲ့ပေးတဲ့သဘောနဲ့ အဲ့လိုမျိုး ဂုဏ်ပြုချီးမြှင့်တယ်ပေါ့၊ တစ်ခေါက်လုပ်ပြီးပြီ၊ ဒါပေမယ့် ကျမတို့ ထိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေက တစ်ခါမှ မလုပ်ရသေးဘူးပေါ့၊ အဲ့ဒါကြောင့်မို့လို့  ဒီနှစ် သူလည်းဒီကိုလာတဲ့အတွက် အထိမ်းအမှတ်အနေနဲ့ ကျမတို့က လုပ်ပေးတာဖြစ်တယ်၊ ထပ်ပြီးတော့ ချီးမြင့်တာပေါ့နော်”

ဂုဏ်ပြုဆုအဖြစ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ချင်းမိုင်ကနေပြီး ရှမ်းအနုပညာရှင် စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြုချီးမြှင့်သည် ဆိုတဲ့စာတမ်းပါ အမှတ်တံဆိပ်ဂုဏ်ပြုဆုနဲ့အတူ ရှမ်းရိုးရာဝတ်စုံတစ်စုံနဲ့ မြန်မာကျပ်ငွေ သိန်း ၃၀ ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်ကလည်း ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမတွေကနေပေးအပ်တဲ့ ဒီလိုဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော့်ရဲ့ ဘဝသက်တမ်း အနုပညာမှာ ကျနော့်ကို ဒီလိုမျိုး နိုင်ငံခြားမှာရောက်နေတဲ့ အဝေးရောက် ကျနော်တို့အမျိုးတွေရဲ့ ပေးတဲ့ဆုဟာ ကျနော် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူး၊ အင်မတန်မှ ပီတီဖြစ်မိပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်၊ ကျနော်တို့ အနုပညာသည် အားလုံးအတွက်လေ၊ ကျနော်တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ ဗမာပြည်မှာရှိတဲ့ အနုပညာသည်အားလုံး၊ နာမည်ကြီးတဲ့ လူတွေအားလုံးအတွက်ရော ကျနော်ခံစားပြီးတော့ ကျနော် အဲ့ဒီဆုကို ဝမ်းပန်းတသာနဲ့ လက်ခံယူလိုက်ပါတယ်”

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေ အနုပညာတိုးတက်မှုတွေ ပိုမိုရရှိလာစေဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အနုပညာပန်းခြံဆိုပြီး အနုပညာကျောင်း ဖွင့်လှစ်သင်ကြားပေးနေသလို မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးချင်တဲ့အတွက်ဆိုပြီး အခုနှစ်ထဲမှာပဲ မိုဘိုင်း ရီကောဒင်းအဖွဲ့ဖွဲ့ပြီး လုူငယ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလမှာတော့ စိုင်းဆိုင်မောဝ် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ ‘ကမ္ဘာ့ရင်သွေးငယ်များဆီသို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာသံစဉ် စီးရီးထွက်နိုင်ဖို့ စတင်အသံသွင်းနေပြီလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။