မူးယစ်ဆေးဝါးအများအပြားဖမ်းမိ
2016.04.02

ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားသလို လားရှိုးမြို့မှာ လည်း ငွေကျပ် သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ကို မနေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကျိုင်းတုံမြို့မူးယစ်ဆေးဝါးမှုမှာ ဖမ်းမိထားသူ ၅ ဦး ရှိပြီး တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။
"တရားမဝင်ကိုင်ဆောင်တဲ့ လက်နက်မှုပါမယ်၊ နောက်မူးယစ်ဆေးဝါးပုဒ်မ ၁၉ တို့၊ ၂၁ တို့၊ ၂၂ တို့၊ သူကသယ်ယူပို့ဆောင်ရောင်းဝယ်ဖောက်ကားမှု၊ လက်ဝယ်ထားရှိမှု၊ ဒါမျိုးလေးတွေနဲ့ အမှုဖွင့်ထားပါတယ်"
ကျိုင်းတုံမြို့နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ဆက်နွယ်မှုကို ရဲမှူးချုပ်က စစ်ဆေးနေဆဲဖြစ်တဲ့ အတွက် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။
လားရှိုး-မိုင်းယော် လမ်းမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေကို ကချင်ပြည်နယ် ဖားကန့်ဖက်ကို ပို့ဆောင်ဖို့ သယ်ဆောင်လာစဉ် ဖမ်းမိတာဖြစ်တယ်လို့ လားရှိုးမူးယစ်တပ်ဖွဲ့စုက ရဲမှူး ရဲနိုင် က ပြောပါတယ်။
"မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ကားတစ်စီးက မူဆယ်ဘက်ကနေထွက်လာပြီးတော့မှ ကွတ်ခိုင်ဖက် ကနေဖြတ်သန်းလာပြီး လားရှိုးကိုဖြတ်ပြီး ဖားကန့်ဖက်ကို သွားမလို့ဆိုတာ ကျနော်တို့ သတင်းရပါတယ်၊ ပိတ်ဆို့ဖမ်းဆီးလိုက်တော့မှ စိတ်ကြွရူးသွပ်ဆေးပြားက ၆ သောင်း၊ ဘိန်းဖြူကတော့ ဆပ်ပြာခွက် ၂၂၀ ခွက်၊ နောက် ငွေသားက သိန်း ၁၅၀၊ ပါလာပြီးတော့ ကားရဲ့နောက်ခန်းထိုင်ခုံအံဝှက်ပြုလုပ်ပြီး အံဝှက်ထဲ မှာ ထည့်ပြီးသယ်လာတာဖြစ်ပါတယ်"
လားရှိူး မိုင်းယော်လမ်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာသူတွေက သူတို့ဟာ ငွေကျပ် သိန်း၁၅၀ အခကြေးငွေယူပြီး ပို့ဆောင်ပေးတာလို့ ထွက်ဆို ထားကြောင်း ရဲမှူး ရဲနိုင်က ပြောပါတယ်။