လားရှိုးမှာ အုတ်တံတိုင်းပြိုကျတာကြောင့် မိသားစုဝင်လေးဦး သေဆုံး
2023.06.10

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟက်ကာကျေးရွာမှာ ဇွန်လ ၁၀ ရက်နေ့က နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျတာကြောင့် မိသားစုဝင်လေးဦး သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက မိုးများပြီး လူနေအိမ်ပေါ်ကို အုတ်တံတိုင်းပြိုကျခဲ့တာကြောင့် မိသားစုဝင် ငါးဦးမှာ အမေဖြစ်သူနဲ့ ကလေး သုံးဦးသေဆုံးခဲ့တယ်လို့ လားရှိုးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဒီမှာက မိုးရွာနေတာ သုံးရက်လောက်ရှိပြီ၊ အုတ်တံတိုင်းက ရေစိမ့်တာရယ် ဖောင်ဒေးရှင်းချတာ နည်းတာကြောင့်ရယ် အိမ်ပေါ်ပြိုကျတာ မိသားစုဝင် လေးယောက်သေသွားတယ်"
အုတ်တံတိုင်းပြိုတဲ့အိမ်မှာနေထိုင်သူတွေဟာ အိမ်ငှားတွေဖြစ်ပြီး မိသားစုဝင် ငါးဦးရှိပြီး ဖခင်ဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးတဲ့ ကလေးတွေဟာ အသက် ၁၂ နှစ်၊ အသက် ခုနစ်နှစ် နဲ့ ရှစ်နှစ်အရွယ်တွေ ဖြစ်ပါတယ်။