စစ်ရေးတင်းမာတဲ့အတွက် ရွာသား ၃ဝဝ ကျော် သီပေါကိုထွက်ပြေးလာ


2016.07.11
thibaw-refugees-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာအနီးတဝိုက်မှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးတင်းမာနေတာကြောင့် မန်လွယ် ရွာသား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကစပြီး သီပေါမြို့ ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

မန်လွယ်ကျေးရွာက ရွာလုံးကျွတ် ထွက်ပြေးလာကြတာဖြစ်ပြီး ဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေ တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

"အခုဟာ အလှူရှင်လည်း မရှိဘူးလေ၊ အမတို့ မနေ့ကသွားတော့ လူအယောက်ပေါင်း ၃ဝဝ ကျော် စားဖို့ က နှစ်သောင်းပဲ ရှိတော့တယ်ပေါ့နော်၊ သူတို့အဓိက လိုအပ်တာကတော့ ကျန်တာထက် စားဖို့သောက်ဖို့က အရမ်းခက်ခဲနေတယ်၊ ထမင်းသုံးနပ် နပ်မှန်အောင်စားဖို့ အရမ်းကိုလိုအပ်နေတယ်"

မန်လွယ်ရွာသူ ရွာသားတွေဟာ ပြီးခဲ့တဲ့မေလကလည်း RCSS/SSA နဲ့ TNLA တို့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြပြီး သီပေါမြို့ ဘော်ကြိုဘုရား ကြီးကျောင်းတိုက်မှာ တစ်လနီးပါးကြာ ခိုလှုံခဲ့ကြ တာဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်မှုှရှိနေပြီဆိုတာကြောင့် နေရပ်ပြန်သွားတာ တစ်လအကြာမှာ အခုလိုဒုတိယအကြိမ် ထွက်ပြေးလာရတာဖြစ်တယ်လို့ ဒေါ်နန်းမိုးက ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ ပြောပြချက်အရ TNLA နဲ့ RCSS/SSA တပ်တွေဟာ မန်လွယ်ရွာတဝိုက်မှာ ပစ်ခတ်မှုတွေ ရှိနေသလို နှစ်ဖက်တပ်တွေကို ဒေသခံတွေက ရိက္ခာထောက်ပံ့ပေးနေရတယ်လို့ သိရကြောင်း ဒေါ်နန်းမိုး က ပြောပါတယ်။ ဒုက္ခသည် ၃၀၀ ကျော်ထဲမှာ မွေးကင်းစကလေးအပါအဝင် ကလေးငယ် တစ်ရာကျော်ပါဝင်ပြီး ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က သီပေါမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့မေလက လှူဒါန်းတဲ့ ငွေကျပ် သိန်းတစ်ရာကို အလှူငွေလက်ခံထားတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်တွေအတွက် အပြည့်အဝမသုံးစွဲ ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

TNLAနဲ့ RCSS/SSA တပ်တွေဟာ သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွား နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။