ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်


2015.10.18
tnla-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ပလောင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်တွေကြား မနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စွဲနေတဲ့နေရာကို အစိုးရ တပ် တပ်မ ၉၉ လက်အောက်ခံတပ်တွေ ရောက်လာတာကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူ တာအိုက်ကျော်က ပြောပါတယ်။

"မနေ့က ၁ဝ နာရီခွဲကနေ ၁၁ နာရီခွဲအထိဖြစ်တယ်၊ ကွက်ခိုင်မြို့နယ်ဘက်က ရွာနှစ်ရွာကြားမှာဖြစ်တယ်၊ အဲ့ဒီနားမှာ သူတို့မနှစ်တုန်းက တပ်စခန်းချတာပေါ့နော်၊ ဒီအစိုးရတပ်ဖွဲ့က တပ်အင်အား ၂ဝဝ နဲ့ ခါလှိုင်ဘက် ကနေတက်ပြီးတော့မှ ကျနော်တို့အဖွဲ့ရှိတဲ့ နေရာတွေကိုလာခဲ့တယ်၊ လာရောက်ပြီးမှ နှစ်ဘက်စလုံး တိုက်ပွဲဖြစ်တာ၊ တော်တော်လေး အပြင်းအထန်းဖြစ်တယ်၊ လက်နက်ကြီးတွေရော သုံးတာပေါ့ဗျာ၊ အချက် ၂ဝ ကျော်လောက်တော့သုံးတယ်၊ အခြားနေရာလည်း နှစ်ဘက်အခြေအနေက တော်တော်လေးတင်းမာတယ်၊ ဒါပေမဲ့ ထိတွေ့မှုမရှိသေးဘူး"

တိုက်ပွဲကြောင့် နှစ်ဖက်အထိအခိုက်ရှိခဲ့ပေမဲ့ အခုထိအသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

အစိုးရတပ်နဲ့ TNLA ကြား အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ရပ်တန့်နေရာက အခုပြန်လည် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ အစိုးရတပ်တို့ မိုင်းရှုးမြို့နဲ့ ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ် ပွားနေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂၇ဝဝ ကျော်ရှိနေပြီး၊ မိုင်းရှုးမြို့နယ် ဟိုင်းပါနဲ့ ဝမ်ဆော့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ရေးအတွက် ကူညီစောင့်ရှောက်ထားရတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက မိုင်းရှုးနဲ့ကျေးသီးမြို့နယ်ကြား တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတာကြောင့် အဲ့ဒီမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။