မန်ပြိန်းရွာတဝိုက် တိုက်ပွဲတွေကြောင့် ဒေသခံအမျိုးသမီးကြီးတစ်ဦး သေဆုံး


2018.11.18
shan-villager-gun-shot-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-လားရှိုးကားလမ်းပေါ်က ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တိုက်ပွဲကြောင့် သေဆုံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်
.

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-လားရှိုးကားလမ်းပေါ်က မန်ပြိန်းရွာတစ်ဝိုက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ အသက်ခြောက်ဆယ်အရွယ် ဒေါ်မာလွတ်ဆိုသူဖြစ်ပြီး ဝမ်းဗိုက်မှာ သေနတ်ထိမှန်တဲ့ ဒဏ်ရာလို့ ယူဆရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အနောက်ပိုင်း ကချင်အသင်းက ကိုဇော်ယော်က ပြောပါတယ်။

သေဆုံးသူဟာ မနေ့က ပျောက်ဆုံးနေတာဖြစ်ပြီး ဒီကနေ့မှာ လိုက်လံရှာဖွေရင်း တောထဲမှာ အလောင်းကို တေ့ွရှိခဲ့တာလို့ သိရပါတယ်။

ဒေါ်မာလွတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ နောက်ပိုင်း တိုက်ပွဲအတွင်း ကိုယ်တိုင်စစ်ရှောင်ခဲ့ရသလို  စစ်ရှောင်ရင်း သေဆုံးခဲ့တဲ့ နှုတ်ခမ်းကွဲအာခေါင်ကွဲ အမွှာကလေးငယ်တွေရဲ့ အဖွားလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မန်ပြိန်းရွာ၊ ဆယ့်သုံးမိုင် ဂေါ်ရခါးရွာ၊ ပန်ဟုန်းရွာတွေတဝိုက်မှာ RCSS နဲ့TNLA၊ SSPP ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။ မနေ့ကညနေပိုင်း နှစ်နာရီလောက်မှာတော့ မန်ပြိန်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့သလို နေအိမ်တစ်ဝိုက်မှာလည်း လက်နက်ကျည်ဆံ ကျတာလည်းရှိခဲ့တယ်လို့ ကျေးရွာသားအချို့RFA ကို ပြောပါတယ်။

တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပြော ဆိုတာ မရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။