ရှမ်း ကျားဖြူပါတီ ညီလာခံ ဖျက်သိမ်းခံရ
2010.12.09

“သြော်…ကျွန်တော်တို့ အများ အသုံးပြုတဲ့နေရာ သုံးလို့ မရဘူးလို့ ပြောပါတယ်ဗျ။ တကယ်ဆိုရင်ပေါ့လေ ကျွန်တော်တို့ ဒါ ငှားသုံးတာပဲဗျာ။ ငှားလည်း မရဘူးတဲ့။ အများသုံးတဲ့နေရာ မရဘူးတဲ့။ ရှမ်းစာပေ ယဉ်ကျေးမှုပေါ့ဗျာ၊ အဲဒီမှာ ဟောလ်ရှိတယ်ဗျာ။ သူတို့ ငှားတဲ့နေရာပေါ့ဗျာ။ မင်္ဂလာဆောင်ခန်းမ ဘာညာပေါ့နော်၊ အခြား အသင်းအဖွဲ့တွေကလည်း လာပြီးတော့ ငှားလို့ရပါတယ်။”
အခုကျင်းပမဲ့ ညီလာခံကို ပါတီရုံးကလွဲလို့ တခြားနေရာတွေမှာ ကျင်းပခွင့် မပြုနိုင်ကြောင်း ပြည်နယ်ကော်မရှင်က လွန်ခဲ့တဲ့ နှစ်ရက်က အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပါတီအနေနဲ့ ညီလာခံကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ တောင်ကြီးမှာ ကျင်းပဖို့ ဖိတ်စာတွေ ရာနဲ့ချီ ဝေငှထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတောင်ကြီးမှာ မကျင်းပဖြစ်တော့ပေမဲ့ အဲဒီရက်အတိုင်း ပြင်ဦးလွင်မြို့မှာ ခွင့်ပြုချက် ရယူပြီး ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း SNDP ပါတီ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က ပြောပါတယ်။
ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အမတ်နေရာ ၁၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ၅၇ ဦး အနိုင်ရရှိထားပါတယ်။
အခုကျင်းပမဲ့ ညီလာခံမှာ ပါတီခေါင်းဆောင်တွေနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်တွေ စုဝေးပြီး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ တိုင်ပင်ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
SNDP ပါတီရဲ့ ပထမအကြိမ် ညီလာခံနဲ့ ပတ်သက်ပြီး ပါတီရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |