ရွှေဘိုမြို့နယ် ရှားတောရွာ စီးနင်းခံရမှု သေဆုံးသူ ကိုးဦးအထိရှိလာ

RFA Burmese
2024.04.08
ရွှေဘိုမြို့နယ် ရှားတောရွာ စီးနင်းခံရမှု သေဆုံးသူ ကိုးဦးအထိရှိလာ ရွှေဘိုမြို့နယ် ရှားတောရွာ မီးရှို့ခံထားရသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရှားတောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမှုမှာ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် သတ်ဖြတ်ခံရသူ ကိုးဦးအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၉ ရက်နေ့မှာ ပြောပါတယ်။

ဧပြီလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၂၀ နဲ့ အသက် ၃၀ အရွယ် နှစ်ဦးပါဝင်ပြီး ကျန်တဲ့သူတွေဟာ အသက် ၅၀ ကနေ ၉၀ အတွင်းရှိကြတဲ့ သက်ကြီးပိုင်းတွေလို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ရှားတောရွာခံတွေဖြစ်ကြတဲ့ ဦးအုန်းမောင်၊ ဒေါ်ညွန့်ရည်၊ ဦးဝင်းခင်၊ ဦးစိုးမောင်၊ ဦးကြည်လွင်၊ ဦးစိုးအောင်၊ ကိုဖြိုးကြီး၊ ကိုနောင်နောင်ထွန်းနဲ့ ကိုထိုက်လွမ်း တို့ ဖြစ်ကြပါတယ်။

စစ်ကြောင်းဝင်လာချိန် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေက ရွာထဲမှာပဲ သတ်ဖြတ်မီးရှို့ခံခဲ့ရသလို တချို့ကတော့ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့ စစ်ကြောင်းထိုးလာတဲ့အခါမှာ သွားနိုင်လာနိုင်တဲ့ သူတွေက ထွက်ပြေးကြတယ်။ တချို့ ထွက်ပြေးတဲ့ ကြားက မိသွားတဲ့သူတွေကို ဓားစာခံအဖြစ် ဖမ်းထားလိုက်တယ်။ ပြီးမှ သူတို့ သတ်ပစ်ထားခဲ့ကြတာပေါ့။ အဲမှာ မသွားလာနိုင်ဘဲ အိမ်ထဲမှာ ရှိနေတဲ့ အဘိုးနဲ့ အဘွားကိုတော့ အရှင်လတ်လတ်ကို မီးရှို့သတ်လိုက်တာ။ ကျန်တဲ့ ခုနစ်ယောက်ကိုတော့ ဖမ်းပြီးမှ သတ်လိုက်တာ”

စစ်ကြောင်းဝင်ရောက်ချိန်မှာ ရွာက နေအိမ်နှစ်ရာကျော်လည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သူက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရှားတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ ရေးသားထားကြပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ပထမသုံးလကျော်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ကိုးဆယ်ကျော်အထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။