စစ်ကြောင်းဝင်ရောက်လာတာကြောင့် ရှိမ်းမကားရွာခံ လေးရာကျော် ထွက်ပြေးနေရ
2024.02.13

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာကို ဖေဖော်ဝါရီ ၁၄ ရက်ဒီနေ့ မနက် ရှစ်နာရီကျော်မှာ အင်အား နှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံ လေးရာကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရှိမ်းမကားရွာ တောင်ဘက်ခြမ်းမှာရှိတဲ့ ရွှေဘုန်းပွင့် ဘုန်းကြီးကျောင်းဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတွေ ဒဏ်ရာရတာမရှိပေမယ့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှိမ်းမကားရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရှိမ်းမကားရွာ အရှေ့ဘက်တည့်တည့် ရွာထိပ်မှာ သူတို့တပ်စခန်းရှိတယ်။ အရင်က ရဲကင်းပေါ့။ အခု သူတို့ တပ်စွဲနေထိုင်နေတာ။ အဲဒီကနေ လက်နက်ကြီးပစ်ပြီး ဝင်လာတာ။ ရွှေဘုန်းပွင့် ဘုန်းကြီးကျောင်းကိုဝင်ပြီး စားနပ်ရိက္ခာတွေ ယူသွားတယ်။ ပြီးတော့ စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံတွေဆီက ဖုန်းတွေလည်း ယူသွားကြတယ်။ ရွာက ပြန်အထွက်မှာ PDF နဲ့လည်း တိုက်ပွဲ ခဏဖြစ်သွားပါသေးတယ်”
အဲဒီစစ်ကြောင်းဟာ ရွှေဘုန်းပွင့် ဘုန်းကြီးကျောင်းထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဧရာဝတီမြစ်ကနေ အနောက်ဘက်ကို စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။
နေအိမ်တစ်ရာကျော်နဲ့ ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ရှိမ်းမကားရွာခံအများစုကတော့ စစ်ကြောင်းတွေ ပြန်ဝင်လာမှာစိုးရိမ်တာကြောင့် နေအိမ်တွေဆီ မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။