ရှင်ဒေဝီ အမျိုးသမီးသတင်းသမားစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ

RFA Burmese
2024.06.10
ရှင်ဒေဝီ အမျိုးသမီးသတင်းသမားစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ။
ဓာတ်ပုံ - ပန်းချီ ကိုဦး

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ပေးအပ်တဲ့ Wallis Annenberg လို့ခေါ်တဲ့ အမျိုးသမီးသတင်းသမားဆုကို RFA ရဲ့ ပြင်ပဆောင်းပါးရှင် ရှင်ဒေဝီက ရရှိသွားပါတယ်။

ဒီ Wallis Annenberg ဆုဟာ ထောင်တွင်း မတရားအကျဉ်းချခံနေရတဲ့ အမျိုးသမီးသတင်းသမားတွေကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာရှင်ဒေဝီကို ဒီနှစ်အတွက် ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။

ရှင်ဒေဝီဟာ မြန်မာနိုင်ငံက မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အမျိုးသမီးတွေထဲမှာ ရှေ့ဆောင်လမ်းပြတစ်ဦးလည်းဖြစ်တယ်လို့ နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

ဒါရိုက်တာရှင်ဒေဝီဟာ လွတ်လပ်တဲ့အာရှအသံ RFA မှာ ၂ဝ၁ဝ ပြည့်နှစ်ကစလို့ ပြင်ပဆောင်းပါးရှင်အဖြစ် သတင်းရေးသားပေးပို့ခဲ့သူဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ ရိုက်ကူးရေးလုပ်ဖို့ အွန်လိုင်းကမှာထားတဲ့ ဒရုန်းတစ်ခုကို သွားယူချိန် လမ်းမှာစစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။

အဲဒီနောက်အင်းစိန်ထောင်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခံထားရတာပါ။

သူအဖမ်းမခံရခင် RFA အတွက် နောက်ဆုံးရိုက်ကူးခဲ့တဲ့ "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဒီဗီဒီယိုဆောင်းပါးဟာလည်း ဒီနှစ် ဟောလိဝုဒ်မှာ ချီးမြှင့်တဲ့ ဂရေစီဆုရခဲ့ပါတယ်။

နိုင်ငံတကာ အမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းဟာ ရှင်ဒေဝီနဲ့အတူ အမေရိကန်၊ ပါလက်စတိုင်းနဲ့ အီကွေဒေါနိုင်ငံက အမျိုးသမီးသတင်းသမား သုံးဦးကိုလည်း အမျိုးသမီးသတင်းသမားစွမ်းဆောင်ရည်ဆုတွေ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။